သျှမ်းပြည်မြောက်ပိုင်း ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းရာ နမ္မတူမြို့နယ်အတွင်း စစ်ရေးမငြိမ်သက်မှု ကြောင့် ဘိန်းခြံအပါအဝင် လယ်ယာခြံမြေ လုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
“ဘိန်းခြံရော၊ တခြားသီးနှံစိုက်ပျိုးရေးခြံတွေကိုရော ခဏရပ်ထားကြရတယ်။ စစ်မြေပြင်ဘက်က ခြံတွေဆို ရင်လဲ ဒေသခံတွေက ခြံမဆင်းရဲဘူး။ ဒီဖက် ပိုက်လိုင်းဖြတ်တဲ့ဘက်မှာကျတော့ မိုးရွာလို့ မြေစာပုံတွေ ပြိုတယ်။ ဒါလဲ သီးနှံတွေပျက်စီးတယ်။ လုပ်လို့မရဘူး။ ရပ်ထားကြရတယ်” ဟု နမ္မတူဒေသခံ စိုင်းနုက ပြောသည်။
မန့်တုန့်မြို့နယ် နမ့်ဟိုင်းနှင့်မုံးဝီးကြား၊ နမ္မတူမြို့နယ်နှင့်သီပေါမြို့ နယ်ကြား၊ မန်တုံမြို့နယ် နှင့် သီပေါမြို့နယ်ကြားရှိ လယ်ယာမြေများအတွင်း ဂက်စ်ပိုက်လိုင်းသွယ်တန်းထားသည့် နေရာရှိ မြေစာပုံများ သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးကုန်သည့်အတွက် လယ်ယာမြေစိုက်ပျိုးမှု ခေတ္တရပ်ဆိုင်း ထားရကြောင်း၊ သီးနှံရင့်သီးပြီဖြစ်သဖြင့် အချို့ လယ်မြေများ၌ သီးနှံကောက်ရန် အဆင်မပြေ ဆုံးရှုံးမှုများ လည်း များပြားကြောင်း၊ ထို့ပြင်ဂက်စ်ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်မြေခံ တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့များ အပြိုင်စစ်ရေးလှုပ်ရှားမှုကြောင့် လုပ်ငန်းအခက်အခဲကြုံတွေ့ရကြောင်း ဒေသခံများက ဆိုသည်။
“တချို့နေရာမှာလည်း လျော်ကြေးမရလို့ဗျာ။ ခြံတွေက ဆက်မလုပ်နိုင်သေးဘဲ ရပ်ထားရတယ်။ ပါးစပ်ကဘဲ ပေးမယ်ပြောတာလေ။ လက်က မလာဘူးဖြစ်နေတယ်” - ဟု ဒေသခံ စိုင်းခမ်းညိုကပြောသည်။
အလားတူ တောင်ကြောတလျှောက်ရှိ ဘိန်းခြံအများစုမှာလည်း အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ၊ လှုပ်ရှားစစ်ကြောင်းများကြောင့် ခြံလုပ်သားများအလုပ်မဆင်းရဲကြကြောင်း နမ္မတူဒေသခံ နောက် တဦးကပြောသည်။
လွယ်မောတောင်၊ ခမောက်တောင်ကြောတလျှောက်၌ ဘိန်းခြံလုပ်သားတယောက်အတွက် ထမင်း ၃ နပ် နှင့် အတူ လုပ်အားခ တရက် ၃၀၀၀ ပေးကြောင်း၊ ဘိန်းခြစ်သည့်ရာသီတွင် ပိုက်ဆံမယူပါက ဘိန်းစိမ်း ၁ မတ်သား (တကျပ်သား၏ ၄ ပုံတပုံ) ပေးကြောင်း ဘိန်းခြံလုပ်ငန်းရှင်တရုတ်အမျိုးသားတဦးကပြောပါသည်။