သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းတခု ထပ်ရွှေ့ရန် သျှမ်းပြည်နယ်အစိုးရ နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက အကြောင်းကြားလာကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်းမှအရာရှိတဦးကပြောပါသည်။
“တပ်အပြောင်းအလဲ လုပ်မှာမို့လို့ လမ်းမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ တာ့ဆမ်ပူး နမ့်ပန်ချောင်းကူး တပ်စခန်း ခဏ ဖယ်ပေးပါတဲ့။ မိုင်းအောတ် တောင်ဟျိုး တုန်းကလဲ အဲလို တခါဖြစ်ဖူးပြီးပြီ။ ကျနော်တို့ မဖယ်ပေး နိုင်ဘူး။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းသွားမယ်။ မရရင်တော့လဲ မတတ်နိုင်ဘူးလေ” - ဟု ဌာနချုပ်မှ အရာ ရှိတဦး ကပြော ပါသည်။
အောက်တိုဘာ ၄ ရက် ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တောင်ကြီးမြို့ ရုံးတာဝန်ခံအား စာဖြင့်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း တပ်ရွှေ့ပေးရန် သျှမ်းပြည်နယ်အစိုးရနယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ဆက်သွယ်အကြောင်းကြားလာသည်ဟုဆို၏။
“မတရားတဲ့လုပ်ရပ်ဘဲ။ ကျနော်တို့ရဲ့ ဌာနချုပ်ကို ဖြတ် ၄ ဖြတ် သဘောမျိုး လုပ်လာနေတယ်ဆိုတာ ထင် ရှားတယ်။ တပ်ပြောင်းဖို့မဟုတ်နိုင်ဘူး၊ အဲဒီတပ်စခန်းက ကျနော်တို့ရဲ့ စီးပွားရေးလမ်းကြောင်း၊ ကျနော်တို့ရဲ့ အသက်ရှု ပေါက်တခုဘဲ။ လာရင်ခုခံတိုက်ခိုက်ပါလို့ ညွှန်ကြားထားပြီးပြီ။ ကျနော်တို့ကို ထပ်တိုက်ရင်တော့ ငြိမ်းချမ်းရေး ဖျက်သိမ်းတဲ့အထိဖြစ်သွားနိုင်တယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦး ကလဲပြော ပါသည်။
မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်၏ အဓိက ဖြတ်သန်းသွားလာ အသုံးပြုသည့် တာ့ဆမ်ပူး ကူးတို့ဆိပ်အားသိမ်းယူရန် နည်းအမျိုးမျိုးနှင့်စီစဉ်နေခြင်းသာဖြစ်ကြောင်းဗိုလ်မှူးစိုင်းလကလည်း သျှမ်းသံ တော်ဆင့်သို့ ပြောဖူး၏။
တာ့ဆမ်ပူးကူးတို့ဆိပ်သည် ဝမ့်ဟိုင်းအရှေ့တောင်ဘက် ၁၀ မိုင်ခန့်သာဝေး၏။ မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စု ထဲ ပါဝင်ပြီး စစ်ရေးအရ မငြိမ်မသက်ဖြစ်နေသောဒေသ ဖြစ်သည်။