လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။

ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး( ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်း ရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့ မဲခွဲဆုံး ဖြတ်မယ်လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ရ၀ : ၆၀ မဲ ဝန်းကျင်ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွှတ်တော်အမတ်တဦးကလည်းပြောပါသည်။

နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်းဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေး လက်ပိုင် လယ် ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုးငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်ဖြစ် နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး ကတင်ပြခြင်းဖြစ်ကြောင်း တောင်ကြီး ဒေသခံ လွှတ်တော်အမတ်တဦးကလည်း ဆိုပါသည်။

“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်လို့ စိုးရိမ်စရာ မလို ဘူးလို့ လို့ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စားလှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲက တိုင်းရင်း သား တချို့ပေါ့ မကန့်ကွက်ကြဘူး။ လွှတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက်ကြတဲ့အမတ် တွေထဲက သူတို့အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ် ရပ်ရတာပါတဲ့” - ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်တဦးကလည်းပြောပါသည်။

၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့ တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီး လွှတ်တော်ထဲ ဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရသွားတာပေါ့။” ဟု ဆိုပါသည်။

မူဝါဒတခုကို တသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ် အထိုက် အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေး ရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း၊ အဆိုတိုင်းမှာ ဥပဒေဖြစ်မလာနိုင် သည်ကိုနားလည်ကြောင်း ၎င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊ ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၎င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်း ပြောပါသည်။

အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက် ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးကပြောပါ သည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ယနေ့မွန်း တည့် ချိန် ၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။