အစိုးရတပ်စစ်ကြောင်းလှည့်စဉ် ဗုံးကွဲ လူထုအပါအဝင်သုံးဦးသေ

အစိုးရတပ်စစ်ကြောင်းလှည့်စဉ် ဗုံးကွဲ လူထုအပါအဝင်သုံးဦးသေ
by -
သျှမ်းသံတော်ဆင့်

တနင်္လာနေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဒေသခံ တပ်ရင်းတရင်းက စစ်ကြောင်းလှည့်စဉ် ဗုံးတ လုံးကျကွဲသော ကြောင့် ချောဆွဲခံရသည့် ဒေသခံလူထုတဦးပါအဝင် သုံးဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သည်ဟု ဆိုသည်။

မြန်မာစစ်တပ်နှင့်အတူ လိုက်ပါရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံရွာသားတဦး(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
“ခမရ ၃၂၄ က နမ္မတူကနေ ကျနော်တို့ ဆိုင်းခေါဝ်ဘက် စစ်ကြောင်းလှည့်တယ်။ ကျနော်တို့ဒေသအတွင်း သျှမ်းသူပုန်လုံးဝ သွားလာတာမရှိအောင်ရှင်းလင်းတာတဲ့၊  ပန်ဝိုးရွာမရောက်ခင် ပြောင်းဖူးခြံတခု နားမှာ အဲဒီစစ်ကြောင်း နားကြ တယ်၊ အဲချိန်မှာ သူတို့ရဲ့ လက်ပစ်ဗုံးတလုံးကွဲသွားတယ်၊ ချောဆွဲခံရသူတဦးလဲ ပွဲချင်းပြီး သေသွားဘဲ” - ဟု အမည်မဖေါ်လိုသူ နမ္မတူရောက်ဒေသခံတဦးကပြောပါသည်။

စက်တင်္ဘာ ၂၄ နံနက် ၈ နာရီခန့် နယ်လှည့်သည့် အစိုးရတပ် ခမရ ၃၂၄ ရွာအတွင်း ဆိုင်းခေါဝ် ကျေးရွာ အုပ်စု ပန်ဝိုးကျေးရွာအတွင်းဝင်ကာ ကျေးရွာသားတဦးအား ပေါ်တာလမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း၊ နံနက်ဆယ်နာရီအချိန် ပန်ဝိုးနှင့် ကောင်းမော့ခန် ရွာအကြား ပြောင်းဖူးခြံအတခုအနီး ခရီးတထောက်နား စဉ် ဗုံးတလုံးကျကွဲခဲ့ကြောင်း၊ ဗုံးကွဲမှုကြောင့် ဗုံးကိုင်သူတပ်သားတဦးနှင့် လမ်းပြရွာသား စိုင်းပီး အသက် ၅၀ ပွဲချင်းပြီးသေဆုံးကြောင်း၊ နမ္မတူဆေးရုံ၌ တဦးထပ်မံသေဆုံးပြီး ကျန်ရှိဒဏ်ရာရလူနာ ၂ ဦးအား နမ္မတူလူမှု ကူညီရေးအသင်းကားဖြင့် ယမန်နေ့က လားရှိုးစစ်ဆေးရုံသို့ပို့ဆောင်ကုသနေကြာင်း တပ်မိသားစုနှင့် နီးစပ်သူ တဦးက ပြောပါသည်။

အတည်မပြုနိုင်သေးသည့် သတင်းအရ ပေါက်ကွဲသော ဗုံးသည် သျှမ်းပြည်တပ်မတော်မှ ထောင်ထားသော မိုင်းဗုံးဖြစ်ကြောင်း ဒေသခံများကပြောကြသည်။

“ရွာထဲဝင်လာတော့ ရွာသားတွေ အကုန် ထွက်ပြေးကြတယ်။ ရွာအရှေ့ကနေဝင်လာရင် ရွာအနောက်ဘက်ကို တိမ်းရှောင်ကြတယ်။ တွေ့တဲ့သူကို လမ်းပြ ခေါ်သွားတာလေ။ သုံးလေးယောက်ပါသွားတယ်။ သေဆုံးတဲ့ စိုင်းပီးကို အဲဒီမှာဘဲမြှုပ်လိုက်တာ်။ တပ်က ထောက်ပံ့ကြေးလာပေးမယ်ပြောတာဘဲ။ အခုထက်ထိ ဆွမ်းသွတ် တရားနာလဲမလုပ်ပေးရသေးဘူး။” - ဟု အမည်မဖေါ်လိုသည့် ဒေသခံနောက်တဦးကပြောပါသည်။

ဗုံးပေါက်ကွဲစဉ် ၎င်းတို့နားနေသည့် နေရာအနီး ပြောင်းဖူးခြံ၌ အလုပ်လုပ်နေသော ရွာသား စိုင်းနောင့်ယိုင် အသက် ၁၈ နှင့် စိုင်းနောင့်အွန် အသက် ၁၆ (ညီအစ်ကို)က ဗုံးသံလန့်၍ ထွက်ပြေးသဖြင့် အစိုးရတပ်က သေနတ် ပစ် ခြိမ်းခြောက်ကာ ၎င်းနှစ်ဦးအား SSPP/SSA တပ်အဆက်အသွယ်ဟူ၍ ဖမ်းဆီးလိုက်ကြောင်း၊    ၎င်းတို့ညီအစ်ကိုနှစ်ဦးအား လက်ပြန်ကြိုးတုတ်ပြီး  ၎င်းတို့တပ်ကုန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် များက ပြောပါသည်။