တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးခံရသော မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် အတူ လားဟူအမျိုးသား သုံးဦးပါဝင်သည်ဟု ကြားသိရပါသည်။
“တရုတ်ပိုင်ရုပ်မြင်သံကြားကကြေငြာတဲ့ သတင်းတွေထဲမှာ စိုင်းနော်ခမ်းနဲ့အတူ လူခြောက်ယောက်မှာ လားဟူနာမည်နဲ့ က သုံးယောက်ပါတယ်” - ဟု တာချီလိတ်မြို့ခံတဦးကပြောပါသည်။
စက်တင်္ဘာ ၂၀ - ၂၂ အထိ သုံးရက်ဆက်တိုက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်မြို့ တရားရုံးပေါ် ရုံးတင်စစ်ဆေးခံခဲ့ရသည့် စိုင်းနော်ခမ်းအဖွဲ့အတွင် - စိုင်းဆန်ခမ်း ဂျဆာ၊ ယီလိုင်း၊ ဂျဘိုး၊ ဂျထိုးဘိုး၊ ဂျဆီး ကား တို့ပါဝင်ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။
“စိုင်းဆန်ခမ်းက သျှမ်း၊ ဒါပေမယ့် သူက လားဟူမျိုးရိုးနာမည်ကိုယူထားတာ။ နောက် ဂျဘိုး နဲ့ ဂျထိုးဘိုးက မြန်မာပြည်သား၊ သျှမ်းပြည်ကပေါ့၊ ဂျဆီးကားက ထိုင်း/လောဝ်(လာအို) က၊ ဆန်ခမ်း ဂျဆာ ကလဲ ထိုင်း/ လောဝ် ဘဲ။ ယီလိုင် ကတော့ တိုင်းပြည်မဲ့ လို့ပြောတယ်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က စဝ်ခင်းဆာယီ ကပြောပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးချက်အရ စိုင်းနော်ခမ်းနောက်လိုက်များက ‘စိုင်းနော်ခမ်း၏ညွှန်ကြားချက်ကြောင့် တရုတ် စက်လှေအားတိုက်ခိုက်ခြင်းဖြစ်ကြောင်း’ ပြောသော်လည်း စိုင်း နော်ခမ်းမှာမူ ‘သူ့ညွှန်ကြားချက်မဟုတ်ကြောင်း၊ လက်အောက်ငယ်သားအဖွဲ့ဝင်များက အထက်ကို ညွှန်ကြား ခြင်းမရှိဘဲ လုပ်ဆောင်သွားတာဖြစ်နိုင်ကြောင်း’ ပြောပါသည်။
စနေနေ့ည တရုတ်နိုင်ငံပိုင် CCTV သတင်းတင်ပြချက်အရ ‘စိုင်းနော်ခမ်းဟာ သေဆုံးသွားတဲ့ တရုတ် ၁၃ ဦး ရဲ့ ကျန်ရှိမိသားစုအတွက် လျော်ကြေးငွေ ဘတ်သန်း ၃၀ ပေးဖို့ သဘောတူတယ်’ ဟု ဖြောင့်ချက်ပေးသွား ကြောင်း ထုတ် လွှင့်သွားပါသည်။
စိုင်းနော်ခမ်း နှင့် အဖွဲ့၏ အမှုအား မကြာမှီ ရက်ပိုင်းအတွင်း တရားစီရင်မှု နောက်ဆုံးအဆင့် ဆုံးဖြတ်သွား ဖွယ်ရှိကြောင်းလည်း ကြားသိရပါသည်။