မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို

မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို
by -
သျှမ်းသံတော်ဆင့်

နယ်စပ်နေကုန်သည်များ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ မူစယ် - နမ့်ခမ်း နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် ကုန်သည်များ ဦးဆောင်၍ လက်မှတ်ထိုး တောင်းဆို မှုကို ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည် ။

တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ အပါအဝင် မူစယ်မြို့နှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အတွင်းရှိ ကုန်သည် ၁၅၀ ကျော်ခန့် စုပေါင်းလက်မှတ်ထိုး တောင်းဆိုခဲ့ကြောင်း နယ်စပ်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကုန်သည်တွေ ဦးဆောင်ပြီး ကုန်သည်များ အသင်း အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး အတွက် လက်မှတ်တွေ စုဆောင်းတာပေါ့ ၃ ရက်ဆက်တိုက်လုပ်တယ် ” ဟု သူက ပြောသည် ။

လက်မှတ်ထိုး တောင်းဆိုရခြင်းမှာ အလုပ်အမှုဆောင်အဖွဲ့မှ ကုန်သည်များ တိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် အခွင့်အရေး တစ်ပြေးညီ ခံစားရခြင်းမရှိသောကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

“အေးဂျင့်အသင်းဝင်ဖို့အတွက် ငွေတည့်ရတယ်။ ကုန်သည်အသင်းဝင်ဖို့လည်း ငွေထည့်ရတယ်။ လိုင်စင် အတွက်လည်း ငွေ ထည့်ရတယ်။ ရတဲ့ငွေတွေကို ကျတော့ စာရင်းဇယားနဲ့ မပြနိုင်ဘူး ။ ဂေါက်ပွဲ တွေကျတော့ သိန်းရာချီ အကုန်အကျခံလုပ် တယ်။ လိုင်စင်လျှောက်တဲ့အခါဆိုလည်း သူတို့ဆီတင်ပြရတယ်။ သူတို့က ဆုံးဖြတ်ပေးမှ လိုင်စင်ရတယ်။ တချို့က လိုင်စင် ကျဖို့အတွက် ရက်ရှည်စောင့်ရတယ် အခွင့်အရေး တစ်ပြေးညီ မရှိဘူးပေါ့။ ” ဟု သူက ဆိုသည် ။

လက်ရှိဖွဲ့စည်းထားသည့် မူစယ် - နမ့်ခမ်း ကုန်သည်များအသင်းတွင် အလုပ်အမှုဆောင် လူကြီးပိုင်း တချို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ ယနေ့အချိန်အထိ တာဝန်ယူနေသူများဖြစ်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ၆၀ ခန့်ရှိသည့်အနက် ၂၀ ကျော်မှာ လက်မှတ်ထိုးတောင်းဆိုကြောင်း သိရသည် ။