ကျားဖြူ၊ ကျားခေါင်း ပူးပေါင်း၍ သမိုင်းဝင်ကျားဖြူစေတီတော်အားပြန်လည်ပြုပြင်

ကျားဖြူ၊ ကျားခေါင်း ပူးပေါင်း၍ သမိုင်းဝင်ကျားဖြူစေတီတော်အားပြန်လည်ပြုပြင်
by -
သျှမ်းသံတော်ဆင့်

ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ကျားခေါင်းပါတီခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ပူးပေါင်း၍ နမ့်ခမ်းမြို့လည် ကျားဖြူစေတီ တော်မြတ် အား ပြန်လည်ပြု ပြင်မွမ်းမံနေ သည်ဟု ဒေသခံများက ပြောပါသည်။

နမ့်ခမ်းမြို့လယ် ကျားဖြူစေတီဘုရားအား ဆေးဖြူသုတ်ရန်ပြင်ဆင်ထားသည်ကိုတွေ့ရစဉ် (သျှမ်းသံတော်ဆင့်)
“ကျားဖြူ၊ ကျားခေါင်း ပေါင်းပြီး သာသနာ့နုဂ္ဂဟ ဆီကနေတဆင့် မြို့နယ်သာသနာရေးကို စာတင်တာ။ နအဖ အစိုးရ တုန်းက ကျားဖြူစေတီကို ရွှေဝါရောင် သုတ်ပစ်လိုက်လို့ အခုအဲဒါကို အဖြူရောင်ဆေးပြန်သုတ်မယ်။ အခုက ရွှေရောင် ခွါပြီး ပတ်တီးရိုက်ပြီး တဲ့အဆင့်ဖြစ်နေပြီ။  အဖြူပြန်သုတ်ဖို့ဘဲ ကျန်တော့ တယ်” - ကျားခေါင်း ခေါ် SNLD ပါတီဝင် လူငယ်တဦး ကပြောပါသည်။

ဩဂတ်စ် ၂၇ ရက်နေ့မှ စ၍ ကျားခေါင်း ခေါ် SNLD နှင့် ကျားဖြူ ခေါ် SNDP က ကမကထပြု၍ မြို့နယ် သာသနာ့ နုဂ္ဂဟ အသင်း၊ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ဒေသခံလူထုတို့ပူးပေါင်းကာ နအဖစစ်အစိုးရ ခေတ်က ရွှေဝါရောင်ဆေး သုတ်လိုက်သော နမ့်ခမ်းမြို့လယ် သမိုင်းဝင် ကျားဖြူစေတီတော်အား ကျပ်သိန်း ၃၀ ဆယ် အကုန်အကျခံကာ ဆေးဖြူပြန်သုတ် မည်ဖြစ်သည်။

“အလုပ်သမားက တရက် ၁၀ ယောက်လောက်ငှားထားတယ်။ နောက်ပြီး ဒေသခံလူထုတွေကနေ လုပ်အား ပေးလှူ ကြတာလဲရှိတယ်။  ၁၀ ရက်အတွင်း အဖြူရောင် အပြီး သုတ်ပြီးရင် ဘုရားအနေကဇာတင်၊ ရေစက် ချလှူဒါန်းမယ်” - ဟု သွားရောက်လုပ်အားပေးခဲ့သူ စိုင်းခမ်း ကပြောပါသည်။

စတင်တည်ထားကိုးကွယ်ကတည်းက အဖြူရောင်ဖြင့်သာရှိနေသော ကျားဖြူစေတီအား နအဖစစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်ကနမ့်ခမ်းမြို့နယ်၌ တာဝန်ကျသော ရဲမှူးကြီးလှဝင်း က ဦးဆောင်ပြီး ရွှေဝါရောင် ဆေးသုတ်လိုက်သည့် နောက်ပိုင်း နမ့်ခမ်းမြို့သည် တရက်တခြားအခြေအနေ ပိုမိုဆိုးရွား လာကြောင်း၊ စီးပွားရေးကျဆင်းရုံသာမက လူငယ် များ အကျင့်စာရိတ္တပျက်ပြားလာသည်ဟုဒေသခံများက ယူဆကြ၏။  ထို့အပြင် စစ်မက်ရေးရာဖြစ်ပွါးခြင်း၊ ဗုံးပေါက် ကွဲခြင်း၊ လုယက်သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုများလည်း နေ့စဉ်ရက်ဆက်ရင်ဆိုင်လာရသည်ဟု ဒေသခံ ရပ်မိ ရပ်ဖများကပြော၏။

နမ့်ခမ်းမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ရာချီက ကျားဖြူမင်းတကောင်ရှိခဲ့ကြောင်း ကျားဖြူမင်းက နမ့်ခမ်း လူထုအား အန္တရာယ်မပြုသည့်အပြင် ကာကွယ်စောင့်ရှောက်မှုပေးခဲ့သဖြင့် လူထုတို့၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ကျန်းမာချမ်းသာနေထိုင်လာခဲ့ရကြောင်း၊ ကျားဖြူမင်း မရှိတော့သည့်နောက်ပိုင်း နမ့်ခမ်းအား မြို့အဖြစ်စတင်တည် ထောင်သည့် အေဒီ ၁၇၇၇ ခန့်က မြို့သူမြို့သား များက ကျားဖြူမင်း အားရည်စူးပြီး နမ့်ခမ်းမြို့လယ်၌ ကျားဖြူ စေတီတော် တည်ဆောက်လှူဒါန်းခဲ့ကြောင်း၊ ဒုတိယ ကမ္ဘာစစ်က ဗုံးဒဏ်ထိမှန်သော်လည်း စေတီတော်၏ဘုန်းတန်ခိုး ကြောင့် မဟာမိတ်စစ်သည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ ဟုယူဆသဖြင့် ကျားဖြူစေတီတော်၏ ဘုန်းရောင်ပိုမို ထင်ရှားလာခဲ့ကြောင်း နမ့်ခမ်းမြို့ သာသာနာ့နုဂ္ဂဟအသင်းဝင်များက ပြောပြ ပါသည်။