အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တနှစ်ပြည့်ပြီဖြစ်သည့်တိုင် ဒေသခံလူထုတို့ လူ့အခွင့်အရေးချိုးဖောက်ခံနေရ ဆဲဖြစ် သဖြင့် ငဲ့ညာသောအားဖြင့် နှစ်ဉီးနှစ်ဖက်နားလည်မှုအမြန်ရယူကြရန် ၊ သျှမ်းတပ်ဖွဲ့မှကူညီဖြေရှင်းပေး ရန် သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး များကပြောသည်။
“နှစ်ဦးနှစ်ဘက်ကြားမှာ ကျနော်တို့ ဒေသခံတွေကဘဲ ခံနေရတယ်။ ကျနော်တို့ တအားကြီး ဒုက္ခရောက်နေရပါ တယ်။ အခုအခြေအနေဟာ လယ်ယာဆင်းဖို့တောင်မှ မရဲတော့တဲ့အခြေအနေရောက်နေပါပြီ။ သျှမ်းနဲ့ဗမာ စစ်တပ် ဘက်က အကြီး အကဲ တွေ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီးတော့ ကျနော်တို့ရွာသားတွေခံစားနေရ တဲ့ဒုက္ခကိုအမြန်ဆုံးကူညီဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်” သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်းရှိကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း၌ ကျေးလက်ဒေသခံ ၁၀ ဦးထက်မနည်းကို မြန်မာအစိုးရ၏ စစ်ကြောင်းက သျှမ်းပြည်တပ်မတော်အမာခံများဟုစွပ်စွဲကာ ယခင်လ ၂၃ ရက်က စတင်၍လှည့်လည်ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက် တချို့တဝက်မှာ ပြန်လည်လွှတ်မြောက်လာပြီး တချို့တဝက်မှာလည်း ပျောက်ဆုံးနေသဖြင့် မိသားစု ဆွေမျိုးများနှင့် ရွာသားများက စိတ်ပူနေကြကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးကသျှမ်းသံတော်ဆင့်အား ဆက်ပြောသည်။
“ တကယ်တော့ အပစ်ရပ်သဘောတူပြီးကြပြီဘဲဗျာ။ ဘာကြောင့်ရွာသားတွေကိုဓါးစာခံလုပ်နေတာလဲ။ အခုလိုဖမ်း သွား ပြီးနှိပ်စက်သတ်ဖြတ်နေတာ မကောင်းဘူးဗျာ။ ကျနော်တို့က ဘယ်ဘက်ကိုမှမလွန်ဆန်နိုင် ပါဘူး။ နှစ်ဘက်စလုံးက တောင်းသမျှပေးရတယ်။ ခိုင်းသမျှလုပ်နေရတာဘဲ။ သူတို့အချင်းချင်းမြန်မြန်ပြေ လည်စေချင်တယ်ဗျ” ဟု ဆိုပါသည်။
၂၃ ရက်က စတင်အဖမ်းခံရသူမှာ ပိန်းထောန်ရွာဥက္ကဌ စိုင်းအောင်ညွန့်၊ ရွာသား စိုင်းကျော်အေး၊ နောင်အော့ရွာသား စိုင်းကမ်၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း၊ လုံးနွံ၊ စိုင်းဆော၊ ကွန်ကျောင်းရွာသူကြီး စိုင်းစံမိန်းနှင့် ရွာသားစိုင်းမြ တို့ဖြစ်သည်။
၎င်းတို့အနက် ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နောင်အော့ရွာသားစိုင်းကမ်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာ သားစိုင်းအိုက်တင်း တို့လေးယောက်မှလွဲ၍ ကျန် ရွာသားများအား ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း၊ထို ၄ ဦးကိုမူ အသေ အရှင် သတင်းပင်မကြားရကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုမရှိပါက ၊ သို့မဟုတ် သျှမ်းပြည်တပ်မတော်ဘက်မှ လိုက်လံဖြေရှင်း ပေးမည်ဆိုပါက အသက်ရှင်လျက်ပြန် လည်လွှတ်မြောက်လာ မည်ဟုယူဆကြောင်း ၎င်းတို့၏ မိသားစုဝင် များပြောပါသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တရာရှိတဦးက “ ကျနော်တို့ရွာသားတွေကို မြန်မာစစ်တပ်က အဲလိုလိုက်ဖမ်းနေလို့ ကျနော်တို့သျှမ်းတပ်ဖွဲ့ကလည်း ဩဂတ်စ်လ ၃၁ ရက်နေ့က မြန်မာစစ်တပ်ရဲ့ ခမရ ၃၂၂ က ဗိုလ်ကြီးသက်စိုးနဲ့ နောက်လိုက်တပည့်တဦးကို ဖမ်းလိုက်တယ်။ သို့ပေမယ့် ရမခ တိုင်းရုံးကနေ ပြန်လွှတ်ပေးဖို့ တောင်းလာတယ်။ ကျနော်တို့ရွာသားတွေကိုလွှတ်ပေးရင် မြန်မာစစ်ဗိုလ်ကိုလဲ ကျနော်တို့ပြန်လွှတ်ပေးမယ်လို့ ပြောတော့ ရွာသားတချို့ကို သူတို့ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ဘက်က လည်း မြန်မာစစ်ဗိုလ်နဲ့သူ့တပည့် ကိုပြန်လွှတ်ပေးလိုက် တယ်” ဟု သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုပါ သည်။