လယ်ဆင်းချိန်၌ လယ်သမားများ တောရှင်းလုပ်အားပေးခိုင်းခံရ

လယ်ဆင်းချိန်၌ လယ်သမားများ တောရှင်းလုပ်အားပေးခိုင်းခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့အခြေစိုက် ဝမ့်ပန်ဌာနေပြည်သူစစ်တပ်ဖွဲ့က  ရွာသားများ လယ်ဆင်း ချိန်၌ လုပ်အားပေးခိုင်းစေနေသဖြင့် အခက်တွေ့နေကြောင်း ဒေသခံများကပြောသည်။

“ လယ်ဆင်းချိန်ဗျာ။ ပေါင်းပင်တွေနှုတ်ချိန်တန်နေပြီ။ သူတို့လျှောက်မယ့်လမ်းကို အရင်ရှင်းပေးပါ။ ၅ ရက်အတွင်းလုပ်ပေးပါဆိုလို့ ကျနော်တို့လဲ လက်နက်ကိုင်တဲ့လူုကိုဘယ် တုန့်ပြန်ရဲမလဲဗျာ။ နှစ်တိုင်း ဒီလမ်းတလျှောက်ကို ရှင်းပေးရတယ်။ ဒီနှစ်တော့ အစိုးရသစ်လက်ထက်ဆို လွှတ်များလွှတ် မလားလို့” ဝမ့်ပန်ဒေသခံ တဦးကပြောသည်။

သျှမ်းပြည်တပ်မတော်မှခွဲထွက်ကာ ၂၀၀၆ က အစိုးရထံလက်နက်ချသည့် တပ်မဟာ ရ၅၈ သည် ဌာနပြည်သူ့စစ်အဖြစ်ပြောင်းလဲကာ လဲချားမြို့ ဝမ့်ပန်နှင့်နမ့်ဟူးဖရားထမ့်တို့တွင် စခန်းချလျက်ရှိ သည်။

“ ကားလမ်းမကနေ သူတို့တပ်စခန်းအသွားလမ်းဘေးနှစ်ဘက်နှစ်ချက်မှာ ခြုံတွေရှင်းခိုင်းတယ်လေ။  တောပြုန်းတာဘဲအဖတ်တင်တယ်” ဟု ၎င်းကဆက်လက်ပြောပြသည်။

ဒေသခံလူထုအား နှစ်စဉ်နှစ်တိုင်း ခြုံနွယ်များရှင်းခိုင်းခြင်း၊ သဲတင်ခြင်း အစ ရှိလုပ်အားပေးများခိုင်းစေ လျက်ရှိသည်။

“ ခြုံတော့ရှင်းပေးပြီးပြီး အခု သဲတွေတင်ပေးဖို့ထော်လာဂျီတွေကိုစရင်းကောက်နေတယ်။ လယ်ဆင်း ချိန် မဟုတ်ရင်တော့ ကျနော်တို့အတွက်ပြဿနာမရှိပါဘူး။ ခုဟာက လယ်ဆင်းချိန်ဖြစ်နေတော့ ကျနော်တို့ဝမ်းရေးအတွက် ဘယ်ချိန်အလုပ်လုပ်ရတော့မလဲဗျာ” ဟု လဲချားရောက် ဝမ့်ပန်ဒေသခံက ဆက်လက်ပြောပြသည်။

လုပ်အားပေးခိုင်းစေခြင်းခံနေရသော ရွာများမှာ ဝမ့်စယ့်အုပ်စု၊ ဝမ့်ဆန်းအုပ်စု၊ ဝမ့်ထီအုပ်စု၊ ဝမ့်ဟိုင့်အုပ်စု၊ ဝမ့်လေအုပ်စုနှင့် ကတ်မောက် အုပ်စုတို့ဖြစ်သည်ဟု ဆိုပါသည်။