သျှမ်းပြည် (မြောက်ပိုင်း) မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနေ

သျှမ်းပြည် (မြောက်ပိုင်း) မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ပေါ်တွင် မူးယစ်ဆေးဝါးများ လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားနေ သော်လည်း အာဏာပိုင်များဘက်မှ အရေးယူမှုမရှိကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ မန့်နားရပ်ကွက်၌ ရာဘ (စိတ်ကြွရူးသွပ်ဆေး) အပါအဝင် ဘိန်းဖြူ ၊ ဘိန်းမဲများ လွတ်လပ်စွာ ရောင်းဝယ် သုံးစွဲ နေကြောင်း နမ့်ခမ်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန့်နားရပ်ကွက်မှာဆို နေ့စဉ်ပွဲလိုလိုပဲ မူးယစ်ဆေးသုံးစွဲတဲ့သူတွေ ညနေပိုင်း  ၄ နာရီလောက်ရယ် မနက်ပိုင်း ၉ နာရီ ကျော် လောက်ဆို အပြည့်ပဲ။အသက် ၂၀ ၀န်းကျင်အရွယ် လူငယ်တွေအများဆုံးသုံးစွဲတယ်။ အဓိက သုံးစွဲတာက ယာဘပေါ့ ။ဘိန်းဖြူကတော့ ဒုတိယ အများဆုံးသုံး စွဲကြတယ် ” ဟု ဆိုသည်။

အလားတူ နမ့်ခမ်းမြို့အနီး ကချင်ပြည်နယ် မန်ဝိန်းကြီး ကျေးရွာတွင်လည်း ဘိန်းရောင်းဝယ် သုံးစွဲမှုများ ရှိနေကြောင်း မန်ဝိန်းကြီးဒေသခံက ဆိုသည်။

“မန်ဝိန်းကြီး ရဲစခန်းနဲ့ ကိုက် ၃၀၀ ကျော်လောက်မှာ ဘိန်းရောင်းတဲ့အိမ်ရှိတယ် ဘယ်သူမှလာမဖမ်းဘူး ညအိပ်ချင်လည်း အခန်းပေးတယ် ဒီရွာကြတော့ ကျွဲနွားအရောင်းအဝယ်ကုန်သည်တွေ အဝင်အထွက်များတော့ ကုန်သည်တွေလည်း အ တော် သုံးစွဲကြတယ်” ဟု ဆိုသည်။

ယခုအခါ သျှမ်းပြည် (မြောက်ပိုင်း)  ကွတ်ခိုင်မြို့နယ်နှင့် လားရှိုးမြို့နယ် မိုင်းယော်ဒေသရှိ KDA နှင့် ဗိုလ်မွန်း ဋ္ဌာနေပြည် သူ့စစ်အဖွဲ့များ ထိန်းချုပ်ဒေသတွင် လာမည့်နှစ်ဘိန်းစိုက်ရာသီအတွက် ကြိုတင်မြေရှင်းလင်းမှုများ စတင်နေကြောင်း ဒေသခံသတင်းရပ်ကွက်များမှ တဆင့်သိရသည်။