သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးဝီး - နမ့်ပူလုံအသွားလမ်း နမ့်ပူလုံတံတား အနီးတွင် မုံးဝီးရွာသား တစ်ဦးအား ယခု လ ရ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ရဲများရိုက်နှက်ရာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး နမ့်ခမ်းမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည် ။
အသက် ၄၅ နှစ်အရွယ် ဦးမောင်ကြည်ဆိုသူ ထော်လာဂျီယာဉ်ဖြင့် အဆိုပါတံတားဖြတ်သန်းရန် ကြိုးပမ်းစဉ် ရဲများက တား ဆီး၍ ပိုက်ဆံတောင်းရာမှ အချေအတင်စကားများကာ ဦးမောင်ကြည်အား ရဲက ရိုက်နှက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေ သခံ ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ သူကထော်လာဂျီမောင်းတယ်လေ။ ထော်လာဂျီကို ရဲက ပေးမဖြတ်ဘူးပေါ့။ ထော်လာဂျီက မဖြတ်ပဲနဲ့ တံတားပြင်ဖို့ ပိုက်ဆံ တောင်းတာပေါ့။ ထော်လာဂျီပေးမဖြတ်ပဲ ဘာလို့တံတားပြင်တာလဲဆိုပြီး သူကရဲကို ပြန်ပြောတာပေါ့ ။ အဲလိုပြောပြီးမှ ရဲနဲ့သူနဲ့ စကားများပြီးမှ ရိုက်တာပေါ့နော် ” ဟု သူက ဆိုသည် ။
၄င်းရွာသားအား ဦးဆောင်ရိုက်နှက်သူမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဇော ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားစဉ် သေနတ် ၃ ချက်ခန့် မိုး ပေါ်ထောင်ဖေါက်ခဲ့သေးကြောင်း သိရသည် ။
ထိုသို့ ရိုက်နှက်စဉ် ဦးမောင်ကြည်၏ လက်နှင့်နောက်ကျောဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးအရာရှိ များ ဆေးရုံသို့လာရောက်ခဲ့ပြီး အမှုမဖွင့်ရန် ပြောကြားကာ ငွေကျပ် ၂ သိန်းပေးကမ်းသွားကြောင်း သိရသည် ။
သို့သော်ကာယကံရှင် ဦးမောင်ကြည်ဘက်မှ ကျေနပ်မှုမရှိကြောင်း သိရသည် ။