သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကိုဖြေရှင်း

သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကိုဖြေရှင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော်တို့ အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။

အခင်းဖြစ်ပွါးသောနေရာပြမြေပုံ

“မိုင်းဆတ်ဘက်ကနေ ဟိုပန်ဟိုယွက်ဘက်ကို ဝ အင်အားဖြည့်တဲ့ယာဉ်တန်း မနေ့ မနက်က ၁၀ စီး ညနေက ၁၀ စီး တက် တယ်” ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိများက သျှမ်းသံတော်ဆင့် အားပြောပြသည်။

၎င်းနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ရ၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ စ ခဲ့ကြောင်း၊  အဆိုပါဒေသအား ၀ ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာအင်အားဖြည့်တင်း လာခြင်းဖြစ်ကြောင်း ပြောပါသည်။

“ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အရင်ကတည်းက ကျနော်တို့အပေါ် သံသယရှိနေတယ်။ ဘာသံသယလဲဆိုတော့ SSA ဟာ အစိုးရနဲ့ပူးပေါင်းပြီးတော့ UWSA ကို တိုက်ခိုက်မယ်ဆိုတာပါဘဲ။ ကျနော်တို့ အဲလို လုံးဝ မရှိပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က ညီအကိုမောင်နှမတွေဘက်ကို သေနတ်ပြောင်းဝ မလှည့်ပါဘူး။ တောကြက်ချင်းခုတ်ရင် မုဆိုးဝမ်းသာ မှာပေါ့။ ၂ ကောင်းစလုံးမောရင် သူဖမ်းစားရုံဘဲ” - ဟုလည်း သျှမ်းပြည် တပ်မတော်၏ အကြီးအကဲတဦးကလည်းပြောသည်။

အဆိုပါ ပုံတောင်း၌ ယခင့်ယခင်က ဝ တပ်ဖွဲ့အခြေချနေထိုင်ခဲ့ဖူးသော စခန်းဟောင်းတခုဖြစ်သည်ဟုလည်း ဒေသခံများ ပြောပြ ချက်အရသိရသည်။  နယ်မြေစိုးမိုးရေးပြဿနာအား ၀ ခေါင်းဆောင်ပိုင်းနှင့် ညှိနှိုင်းဖြေရှင်းနေဆဲဖြစ်ပြီး သဘော တူညီချက်အချို့ ရရှိပြီဖြစ်သဖြင့် ဝ တပ်ဖွဲ့ယာဉ်အချို့တပ်ဆုတ်ပြန် နေပြီဖြစ်ကြောင်း ဒေသအတွင်းရှိ တပ်မှူးတဦး ကပြောပါသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ မြောက်ပိုင်း ဝ နယ် တရုတ်နယ်စပ်အခြေစိုက် တပ်မဟာ ၄၆၈ လီအိုက်စု ဦးဆောင်သည့် တပ်ဖွဲ့ကလည်း တောင်ပိုင်းသို့ အင်အားဖြည့်တင်းမည်ဟူသည့်သတင်းလည်း ထွက်ပေါ်နေပါသည်။

သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က “ အချင်းချင်းတိုက်မယ်ဆိုရင် အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘယ်အဓိပ္ပါယ်ရှိတော့မှာလဲ” - ဟု ပြောဆိုကြောင်း အဆိုပါအကြီးအကဲက ဆက်လက်ပြောပြသည်။

RCSS/SSA ၏ ယခုလ ၂၆-၂၇ ရက်နေ့က ကျင်းပသော ၆ လ ပတ်အစည်းအဝေး၌လည်း အစိုးရနှင့် ဆွေးနွေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆက်လက် ပြောပြသည်။

အလားတူ သျှမ်းသံတော်ဆင့်မှအတည်မပြုနိုင်သည့် သတင်းအရ ယခုလ ၉ ရက်နေ့ကလည်း သီပေါဘက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ တဖွဲ့က ဟုန်ပန်းကုမ္မဏီမှ ဝန်ထမ်းတဦးအား ထိန်းသိမ်းထားကြောင်း၊ သို့သော် အဆိုပါ ဝန်ထမ်းအားလည်း ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်တဦးက ပြောပါသည်။