မိုင်းလားမြို့ရေလျှံ သေကြေပျောက်ဆုံးပျက်စီးမှုများရှိ

မိုင်းလားမြို့ရေလျှံ သေကြေပျောက်ဆုံးပျက်စီးမှုများရှိ
by -
သျှမ်းသံတော်ဆင့်

၃-၄ ရက်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့လယ်ဖြတ်သန်း စီးဆင်းသည့်နမ့်မချောင်းရေလျှံရာ ပျက်စီးဆုံးရှုံးမှုအပြင် သေကြေပျောက်ဆုံးမှုလည်းရှိကြောင်း သိရသည်။

mongla-flood-02
“ မနေ့က နေ့ခင်းပိုင်း ၂ နာရီ ၃ နာရီလောက်မှာ ရေကစတက်တယ်။ မြို့လယ်ကိုဖြတ်သန်းစီးဆင်းတဲ့ နမ့်မချောင်းလေ။ ရေလျှံတက်တာမြန်လို့ အဲဒီဘေးမှာနေတဲ့လူတွေ ပြောင်းရွှေ့ချိန်တောင် မရလိုက် ဘူး။ ကားအစီး ၁၀၀ ကျော် ရေမြုပ်တယ်။ နေအိမ်တွေ ပစ္စည်းတွေ အများကြီးဆုံးရှုံးတယ်။ မြို့လယ်ဆို တော့ ကားရောင်းတဲ့ဆိုင်တွေ ကားပြင်တဲ့ဆိုင်တွေရှိတယ်လေ။ ” ဟု မိုင်းလားမြို့ တွင်းနေ စိုင်းတွီက ပြောသည်။

မြို့တွင်းနာရီစင်၏ ၂ ပေခွဲခန့်အထိရေတက်သဖြင့် မိုင်းလားမြို့တွင်း၌ ပစ္စည်းပြောင်းရွှေ့သူများဖြင့် ယောက်ယက်ခပ်ကုန်ကြောင်း၊ ယခုတကြိမ်မြို့တွင်းရေလွှမ်းမိုးမှုမှာ အကြီးမားဆုံးဟုဆိုနိုင်ကြောင်း ဈေးသည်နန်းနွန်းကပြောသည်။

“ကတ်လုံဈေးအထိတော့မရောက်ဘူး။ တညလုံးလူတွေက ပစ္စည်းတွေသယ်ပြောင်းရွှေ့ကြတာ။ မိုင်းလားမြို့အထွက် ကျိုင်းတုံဖက်အထွက်မှာလည်း လယ်တွေထဲရေလျှံဝင်ကုန်တာလေ။ မိုင်းမအုပ်စု ဝမ့်သျှို့ရွာထဲအထိ ရေတွေလျှံတယ်။ ကျိန်းခန်ဘက်မှာဆိုရင် နမ့်လွေချောင်းဘေးမှာနေတဲ့အိမ် ၃ အိမ်နဲ့ လူ ၃ ယောက်ရေထဲပါသွားတယ်ကြားတယ်။ ခုထိ လူ ၃ ယောက်ကိုရှာလို့မတွေ့သေးဘူးတဲ့” နန်းနွန်းကဆက်လက်ပြောပြသည်။

မိုင်းလားမြို့တွင်းရေလွှမ်းခံရသောနေအိမ်များအား မိုင်းလားစစ်တပ်နှင့် အာဏာပိုင်များက ပစ္စည်းများ သယ်ယူပြောင်းရွှေ့ပေးနေသည်ဟုလည်း စိုင်းတွီကပြောသည်။

မိုင်းလားမြို့မြောက်ဘက်မှစီးဆင်းလာသော နမ့်မချောင်းသည် မိုင်းလားမြို့အရှေ့ဘက်မှစီးလာသည့် နမ့်လမ်းချောင်းနှင့်ပူးပေါင်းကာ မိုင်းလားမြို့လယ်အတွင်းဖြတ်သန်း၍အနောက်တောင်ဘက်အရပ်၌ နမ့်လွေချောင်းထဲသို့ စီးဝင်သည်။

မိုင်းလားမြို့တောင်ဘက် ၁၆ မိုင်ခန့်အကွာ ဝမ့်သျှို့(မိုင်းမအုပ်စု)၌ လယ်ကွင်းများရေလွှမ်းသော်လည်း လောင်းကစားရုံကိုမူ ရေလွှမ်းသည် ဟု မကြားရပေ။