သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တိုက်ပွဲဖြစ် လမ်းညွှန်ပေါ်တာအားပစ်သတ်

သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တိုက်ပွဲဖြစ် လမ်းညွှန်ပေါ်တာအားပစ်သတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အခြေစိုက်သည့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်သောကြောင့် လမ်းညွှန်အဖြစ်ချောဆွဲခံရသည့် ဒေသခံတဦးအား အစိုးရတပ်မှ ပစ်သတ်လိုက်ကြောင်း ဒေသခံသတင်းရပ်ကွက်မှကြားသိရပါသည်။

SSPP/SSA ၏ကွန်မန်တိုတပ်သား (ဓါတ်ပုံ- Sai Pawn Li ဖေ့စ်ဘုခ် )
“အဲဒီရွာဒေသခံနှစ်ယောက်ပေါ့။ လမ်းညွှန်အဖြစ် ပေါ်တာဆွဲခံသွားရတဲ့ တယောက်က တိုက်ပွဲဖြစ်တဲ့ နေရာ မှာဘဲ ဗမာတပ်က ပစ်သတ်လိုက်တာ၊ လယ်သမား စိုင်းဆော တော့ အခုထက်ထိမလွှတ်လာသေးဘူး။ သူ့မိသားစုက ငိုယိုနေတယ်။ ရိုက်သတ်ခံရပြီလို့ သတင်းထွက်နေလို့ အခုသူ့တို့စစ်ကြောင်းသွားရာ နောက်ကိုလိုက်ပြီး အလောင်း လိုက်ရှာနေတယ်” - ဟု သီပေါမြို့ခံတဦးကပြောပါသည်။

ဂျူလိုင် ၁၈ ညနေပိုင်း အစိုးရ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ လက်အောက်ခံ အမှတ် ၄၁ ခြေလျင် တပ်ရင်းက နားဖျန်းရွာသား စိုင်းမောင် အသက် ၂၂ အား ချောဆွဲကာ လမ်းပြ အဖြစ်စေခိုင်းခဲ့ကြောင်း၊ သျှမ်း ပြည်တပ်မတော် တပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲဖြစ်သည်နှင့်တပြိုင်နက် စိုင်းမောင်အား အစိုးရတပ်က သျှမ်းတပ် ဖွဲ့ ဝင်အမာခံလူဟုဆိုကာ အဆိုပါနေရာ၌ပင်ပစ်သတ်လိုက်ကြောင်း၊ ထို့အတူ အနီးရှိ လယ်ထွန်နေသော စိုင်းဆော ၃၈ နှစ်အားလည်း ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားရာ ယနေ့အထိပင် လွှတ်မြောက်လာခြင်းမရှိ သေးကြောင်း ဒေသခံရပ်မိရပ်ဖများနှင့် နီးစပ်သည့် အဆိုပါသီပေါသားတဦးက ပြောပါသည်။

“သီပေါမြို့ နားဖျန်းရွာဘက်မှာရှိတဲ့ကျနော်တို့လူရှိတဲ့နေရာကို သတင်းရပြီးတက်တိုက်တာ၊ အသေအပျောက် စာရင်းကတော့မသိဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

အစိုးရတပ် တပ်ကြပ်အဆင့် ဆေးမှူးတယောက်အပါအဝင် ၁၀ ယောက်ထက်မနည်းကျဆုံးပြီး ၁၅ယောက် ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအနက် ဗိုလ်ကြီးတဦးက အပြင်းအထန်ဒဏ်ရာရှိကြောင်း သီပေါမြို့ ကျန်းမာရေးအသိုင်းအဝိုင်းကပြောပါသည်။

တိုက်ပွဲမဖြစ်မီ လားရှိုးရှိ သျှမ်းပြည်တပ်မတော် ရုံးတာဝန်ခံက ရမခ တိုင်းစစ်ဌာနချုပ်အား အဆိုပါဒေသ တောပိုင်း၌ သျှမ်းတပ်များအခြေချ လှုပ်ရှားနေသောကြောင့် ရွာအရှေ့ဘက် မကျွံရန် သတင်းပေးပို့ထား ကြောင်း လက်ရှိဖြစ်ခဲ့သောတိုက်ပွဲအရလည်း အစိုးရတပ်ဘက်က နယ်ကျွံ ရန်ရှာတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဌာနချုပ်မှ အမည်မဖေါ်လိုသူ အရာရှိငယ်တဦးကလည်းပြောပါသည်။