သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး စီးနင်းလိုက်ပါလာသော စစ်ယာဉ်တန်းအား မူစယ် - နမ့် ခမ်းလမ်း စယ်လန့်ရွာအနီးတွင် ယမန်နေ့ နေ့လည် ၁၁ နာရီခန့်က KIA တပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှ ယနေ့မနက်ပိုင်း အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
“မနေ့က မူစယ်မြို့နယ် စယ်လန့်အုပ်စု စယ်လန့်တောင်ခြေမှာ မြန်မာစစ် ယာဉ်တန်း ချိန်ကိုက်ဗုံးခွဲ ခံရတယ်လေ။ အဲဒီမှာ ၁ ယောက်ပွဲချင်းပြီးသေပြီး ၂ ယောက်ဆေးရုံမှာ သွားသေတယ်။ ဒဏ်ရာရတာလဲ မနည်းဘူးဘဲ။ မနေ့က စယ်လန့်မှာ မြန်မာ စစ်သားတွေ ပြည့်နှက်နေတာဘဲ။ အခင်းဖြစ်ပွါးပြီးမကြာခင် မူစယ်ကလာတဲ့ခရီးသည်တင်ကားတစီးကို စယ်လန့်အဝင်မှာ မြန်မာစစ်တပ်က ကားတားပြီးချောဆွဲတာလေ။ သူတို့လူနာတွေ ဆေးရုံပို့တာလေ။ ခရီးသည်တွေတော့ စယ်လန့်တောင် ကုန်းပေါ်ကခရစ်ယန်ဘုရားကျောင်း ဘက်ပြေးကုန်ကြတယ်။ အဲဒီကား ဒီနေ့မနက်တော့ ပြန်လာပြီဆိုဘဲ” - စိုင်းကျော်က ဆက်လက် ပြောပြသည်။
ယမန်နေ့တိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်မှ အရာခံဗိုလ်တယောက်၊ တပ်ကြပ်ကြီးတယောက် တပ်သားတ ယောက် သေဆုံး ခဲ့ပြီး တပ်ကြပ်တယောက် ဒုတပ်ကြပ်တယောက် တပ်သား ၄ ယောက် စုစုပေါင်း ၆ ယောက် ဒဏ်ရာရခဲ့သည်ဟု လည်း စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကဆိုပါသည်။
ယမန်နေ့က အဝေးထိန်း ခလုတ်သုံး ဗုံးခွဲခံရပြီး နောက်ပိုင်း အခင်းဖြစ်ပွါးရာအနီးတဝိုက်သို့ မြန်မာစစ်တပ် ဝင်ရောက် နယ်မြေရှင်းလင်းသောကြောင့် ယနေ့ မနက်ပိုင်း၌ ကချင်တပ်မတော်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများကပြော သည်။
“မနေ့ညနေကတည်းက မြန်မာစစ်သားတွေ နမ့်လိုင်၊ နောင်နောင်းရွာဖက်ကိုရောက်နေတယ်။ ဒီနေ့မနက် နမ့်လိုင်ရွာမှာ ထပ်ပြီးတိုက်ပွဲဖြစ်တယ်။ ကလေးတွေ ကျောင်းသွားတဲ့ အချိန်မှာ မြန်မာစစ်သားတွေက ရွာနားမှာနေပြီးတော့ သေနတ် သံကြားတဲ့ဖက်ကိုရမ်းပြီးပစ်တော့တာ။ ကလေးတွေ အတွက်အရမ်းကို စိတ်ပူရတာပေါ့။ ဒီနေ့မနက်ထိခိုက် ဒဏ်ရာရ တဲ့သတင်းတော့ မကြားရဘူး” - နောင်လိုင်ဒေသခံ စိုင်းအောင်က သျှမ်းသံတော်ဆင့်အားပြောသည်။
ထို့အတူ စယ်လန့်အုပ်စု နမ့်စန့်ရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအားလည်း လက်နက်ကို အဖွဲ့တဖွဲ့က ဝင်ရောက် ပစ်ခတ် ခဲ့သေးကြောင်း၊ သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ယနေ့မနက် အစိုးရတပ် နှင့်ကေအိုင်အေတို့ ဖြစ်ပွါးသော တိုက်ပွဲကြောင့် မူကြိုကျောင်းသား ခလေး ငယ်တဦး ကျည်ဆန်ထိ သေဆုံးသည်ဟု ဆို၏။
ယခုချိန်တွင်မူ မူစယ်-နမ့်ခမ်းလမ်း၌ ယာဉ်အသွားအလာ ပုံမှန်ပြန်ဖြစ်နေပြီဟုဆိုသော်လည်း လမ်းဘေးတလျောက် ခြုံနွယ်သစ်ပင်များကြား မြန်မာစစ်သားများ လုံခြုံရေးယူထားဆဲဖြစ်ကြောင်း နမ့်ခမ်းကားဆရာတဦးက ပြောပြပါသည်။
KIA နှင့် အစိုးရတပ်တို့ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း နှစ်ဘက်တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေရာ အစိုးရတပ် ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေကြောင်း အစိုးရတပ်လှုပ်ရှားမှု ရှိနေသမျှ တိုက်ပွဲများ ဖြစ်ပွားနေမည်ဟု တရုတ် နယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။