သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုင်းအစိုးရမှ မူးယစ်ဆေးဝါး လက်တွဲနှိမ်နင်းရေးဆု ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်ကို မြန်မာအစိုးရမှ ကန့်ကွက်လိုက် ကြောင်း သိရှိရပါသည်။
“တရားဝင် စာပေးပို့လာတာတော့ မဟုတ်ဘူး။ ထိုင်းက မြန်မာနိုင်ငံရဲ့ အတွင်းရေး(နိုင်ငံရေး)ကို ဝင်ရောက် စွက်ဖက်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြောလာတာ” ဟု ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါသည်။
ထိုင်းအစိုးရမှ RCSS/SSA အား ရွှေလင်းယုန်ဆု ချီးမြှင့်သည်ကို မြန်မာအစိုးရက ကန့်ကွက်သည့်အပြင် ဧပြီလ ၂၀ ရက် ထိုင်းအစိုးရမှ အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသားများ ဖြစ်သော စိုင်းနော်ခမ်း (ဘတ်ငွေ ၂ သန်း)၊ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ဘတ် ၁ သန်း)နှင့် ယီဆေး (ဘတ် ၁ သန်း) ပါဝင်နေသည်ကိုလည်း မကျေနပ်ကြောင်း၊ စာရင်းထုတ်ပြန်မည် ဆိုပါက မြန်မာအစိုးရနှင့် ဦးစွာဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်ဟု ထိုင်းလုံခြုံရေး အာဏာ ပိုင်တစ်ဦးက ဆို၏။
“ဆုချီးမြှင့်တာ မြန်မာအစိုးရက ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ထိုင်းအစိုးရက ကျနော်တို့ကို ဆုချီးမြှင့်မယ်ဆိုတာလည်း ကြိုတင်ပြီးမသိဘူး။ ဆုလာရောက်လက်ခံဖို့ အကြောင်းကြားလာမှ သိရတာ။ ကျနော်တောင် တော်တော်အံ့ဩသွားတယ်။ မူးယစ်ဆေးဝါး လက်တွဲတိုက် ဖျက်ဖို့ဆိုတာ ကျနော်ရဲ့ တာဝန်ဖြစ်တယ်။ ဂုဏ်ပြုဆုတို့ဆိုတာ ဘာမှမျှော်လင့်မထားပါဘူး။ ဒါပေမဲ့ အခုလို ဆုချီးမြှင့်တဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။
ထိုင်းအစိုးရက မြန်မာအစိုးရအား မည်သို့အကြောင်းပြန်သည်ကို မသိရသေးကြောင်း၊ တိုင်းတပါးက မြန်မာနိုင်ငံသားအား ဆုချီးမြှင့်သည်ကို မြန်မာအစိုးရက ဂုဏ်ယူမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ သို့သော် မြန်မာအစိုးရက ကန့်ကွက်သည်ကို အံ့အားသင့်မိကြောင်း ထိုင်းအစိုးရဝန်ထမ်းတစ်ဦးက ဆို၏။
သျှမ်းပြည်တပ်မတော်-တောင်ပိုင်း ဟု လူသိများသည့် RCSS/SSA သည် ၁၉၉၈ ခုနှစ်မှ၌ ဖမ်းဆီးရရှိ သည့် မူးယစ်ဆေးဝါးတို့ကို မီးရှို့ဖျက်ဆီးကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရန် ပေါ်လစီချမှတ် ထားကြောင်း လူသိရှင်ကြား ကြေငြာခဲ့သည်။ သို့သော် ၎င်း၏ ပြိုင်ဖက်များက RCSS/SSA သည်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အပစ်ရပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၌ RCSS/SSA လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လွန်ခဲ့သည့် မေလ ၁၉ ရက် ကျိုင်းတုံ၌လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက် ရရှိခဲ့သည်။