ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ မထိရောက်သည့်အပြင် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြောင့် ဘိန်းပိုမို စိုက်ပျိုးလာကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) က ပြောပါသည်။
“PNO က ပြည်သူ့စစ်အသွင် လုံးဝပြောင်းသွားတော့ ပြည်သူတွေလည်း သူတို့ကို မကြောက်ကြတော့ ဘူး။ အလေးမထားကြတော့ဘူး။ စိုက်ပျိုးသီးနှံတွေလည်း ဈေးကွက်မရှိတော့ စားဝတ်နေရေးကြောင့် ပြည်သူတွေ ဘိန်းပိုစိုက်လာတယ်။ ၂၀၁၀ မတိုင်ခင်က ခိုးကြောင်ခိုးဝှက် စိုက်ပျိုးလာတာ အခုတော့ လမ်းမကြီးနဲ့ သိပ်မဝေးတဲ့ နေရာတွေမှာ ဗြောင်စိုက်လာတယ်” ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) မှ ခွန်ချန်းခဲ က ပြောပါသည်။
ဤကဲ့သို့ ပြည်သူများ ဘိန်းပိုမိုစိုက်ပျိုးလာခြင်းသည် စစ်တပ်က ဘိန်းစိုက်ပျိုးမှုကို အရေးမယူသည့် အတွက်ကြောင့်လည်း ဖြစ်သည်ဟု ဆို၏။
“စစ်တပ်က ဘိန်းစိုက်တာ အရေးမယူတဲ့အပြင် ဘိန်းခွန်ကောက်စားတယ်။ ဒါပေမဲ့ ဘိန်းဖျက်ကာလ ရောက်လာရင် သူတို့က ဘာမှမဖြေရှင်းပေးဘူး။ ဒါကြောင့် ပြည်သူတချို့ အချိန်ကုန် လူပန်းပြီး အမြတ် အစွန်း သိပ်မရကြဘူး” ဟု ခွန်ချန်းခဲ က ဆက်ပြောပါသည်။
ယနေ့ ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဂျွန်လ ၂၆ ရက်၌ သျှမ်းပြည်မူးယစ် ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးစီးပြီး ချင်းမိုင်တက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးသည် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ပြည်သူလူထု အားလုံးနှင့် ပတ်သက်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း သျှမ်းပြည်မူးယစ်ဆေး ဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်စိုင်း က ပြောပါသည်။
“မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့လိုတယ်။ ဒါကြောင့် အစိုးရနဲ့ အတိုက်အခံတို့ သဘောတူညီမှု ရယူရမယ်။ သဘောတူညီချက်ရရင် ရန်သူတွေ မဟုတ်တော့ဘူး။ အစိုးရဖက်က ရန်သူမရှိရင် စစ်တပ်တိုးချဲ့စရာ မလိုတော့ဘူး။ စစ်တပ်လျှော့ချဖို့ဘဲ လိုတော့တယ်။ ပြည်သူတွေလည်း စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုး မရှိတော့ဘူး။”
ပြည်သူတွေ ဘိန်းစိုက်ပျိုးရခြင်းမှာ ၁- စစ်တပ်ကို ကျွေးမွေးရန်၊ ၂- သူပုန်ကို ကျွေးမွေးရန်၊ ၃- ပြည်သူ့စစ်ကို ကျွေးမွေးရန်၊ ၄- အလှူအဒါန်းပြုလုပ်ရန်၊ ၅- မိသားစုကို ကျွေးမွေးရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သံလွင်အနောက်ခြမ်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပြဖူးသည်ဟု ဦးခွန်စိုင်း က ဆို၏။
အစိုးရ အဆက်ဆက်မှာ လုပ်ဆောင်နေသော မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ၁၅ နှစ် စီမံကိန်း မှာ အတုအယောင်သာဖြစ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မဟုတ်ဘဲ အတိုက်အခံကို တိုက်ဖျက်ရန် ဖြစ်ကြောင်း၊ အစိုးရနှင့် အတိုက်အခံကြား သဘောတူညီချက် မရမချင်း အစိုးရက ဆောင်ရွက်နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် ညောင်ရွှေစော်ဘွား၏သား စဝ်ဇန့်ယောင်ဟွေ ပြောဆိုသည့်အ တိုင်း “မီးခိုးသာ ငြိမ်းအောင် လုပ်နေပြီး မီးညွှန့်ကျိုးအောင် မသတ်” ဟူသော နည်းလမ်းအတိုင်းဖြစ် နေဦးမည်ကြောင်း ၎င်းက သုံးသပ်ပြောဆိုပါသည်။