၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့ အစိုးရ၏ငြိမ်းခြမ်းရေးကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
“မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်းတဆင့်ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေတုန်းဘဲ။ ငြိမ်းချမ်း ရေး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော်နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊ စဝ်ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်း တို့ ကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့သို့ရောက်ရှိနေကြောင်း၊ နေပြည် တော် မှ လာမည့် ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆိုထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။
“၁၇ ရက်နေ့က စတဲ့တိုက်ပွဲက ၁၈ ရက်တရက်ထဲ နားတယ်။ အဲဒါသူတို့တောင်းဆိုချက်ကြောင့် ဗျူဟာမှူးက စစ်ဖြစ်နေတဲ့ နေရာကို လာရောက်စစ်ဆေးမယ်ပြောလို့ ကျနော်တို့လဲ အပစ်အခတ်မလုပ်ဘူး။ ဗျူဟာမှူးဝင် ရောက်စစ်ဆေးဖို့သဘောတူတယ်။ အပစ်အခတ်လဲမလုပ်ဘူး။ အဲဒါဗျူဟာမှူး တပ်အင်အားနှစ်ရင်း ထပ်ခေါ် လာတယ်။ ၁၉ ရက် ညနေပိုင်း တိုက်ပွဲပြန်စတယ်။ ၂၀ ရက် ၂၁ ရက် လူအင်အားနဲ့တက်တိုက်တယ်။ ကျနော်တို့စခန်းဆီကို လက်နက်ကြီး မရပ်မနား ပစ်တယ်” - ဟု ဗိုလ်မှူးစိုင်းလကပြောပါသည်။
ဇန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘောတူညီမှုရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေးဖူးသော်လည်း ယနေ့တိုင်တပ်မရုပ်သည့် အပြင် ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်လာခဲ့သည်ဟု ဆက်ပြောပါသည်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် သည် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရာ၌ ဒုတိယ ဥက္ကဌ (၃) အဖြစ်တာဝန်ယူထားသည့် ပုဂ္ဂိုလ်ဖြစ်သည်။