သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပိုက်လိုင်းဖြတ်သန်းခံရလယ်မြေများ ၆ လအတွင်း ပြန်လည်ပေးဆပ် မည်ဟု မြေတိုင်းဦးစီးမှူးကပြောသော်လည်း ယနေ့တိုင်ပြန်လည်ပေးဆပ်ခြင်းမရှိသေးကြောင်း လယ်မြေပိုင်ရှင် အသိုင်းအဝိုင်းက ပြောပါသည်။
“နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စု ပန်မန့်ရွာသား ၄ ယောက်၊ ပိန်းကျောင်းရွာသား ၁ ယောက်။ သူတို့ကိုမြေတိုင်း ဦးစီးမှူးက လျော်ကြေးပေးတာ အပြည့်မပေးလို့ ဝန်ကြီးချုပ်ဆီစာတင်တာလေ။ အဲဒီနောက်ပိုင်း မြေတိုင်းဦးစီး မှူးနဲ့ အုပ်စုဥက္ကဌက ရွာသား ၄ ယောက်ကိုခေါ်ပြီး ၆ လ အတွင်း အပြီး ပြန်ဆပ်ပေးမယ်ဆိုပေမယ့် ခုထိ ပြန်ဆပ်တာမရှိသေးဘူး” ဟု နမ္မတူ ဒေသခံ စိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
ယမန်နှစ် အောက်တိုဘာလက အဆိုပါဒေသခံများ၏ လယ်မြေများအား ဂက်စ်ပိုက်လိုင်းဖြတ်သန်းရန် မြန်မာ အာဏာပိုင်များက အလံနီစိုက်ကြိုးဝိုင်းထားခြင်းဖြစ်ပြီး လျော်ကြေးကိုလည်း မည်သည့်အတွက်ပေးသည်ဟူသည့် စာရင်းလည်းမပြ။ ထို့အပြင် လျော်ကြေး၏ ၂၀ % မှ ၃၀ % ကိုလည်း ဖြတ်ယူသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်ကာ ဧပြီလက ဝန်ကြီးချုပ်ထံတိုင်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ဆပ်ထားတဲ့လျော်ကြေးငွေပမာဏကလဲ စာရင်းမသိတော့ဗျာ။ ဘာအတွက်ဆပ်တယ်လို့ မသိရဘူးဗျာ။ ခုထိလဲ ငြိမ်နေတယ်။ စာတင်ထားတာ ၂ လရှိပြီ။ ဘာမှအကြောင်းမထူးသေးဘူး။ စာတင်ခါနီးကတခါမြို့နယ်အုပ်ချုပ် ရေးမှူး ဦးညွန့်ငွေနဲ့ အုပ်စု ဥက္ကဌက လယ်ပိုင်ရှင်တွေကိုခေါ်ယူတွေ့ဆုံပြီး ခင်ဗျားတို့ ဝန်ကြီးချုပ်ဆီစာမတင်ပါနဲ့ ရှိခိုးဆို ရှိခိုးပါမယ် လို့ တခါ လာတောင်းပန်သေးတယ်။ ဝန်ကြီးချုပ်ဆီ စာလဲတင်ပြီးရော အဲဒီမြေပိုင်ရှင် ၅ ယောက်ကိုထပ်ခေါ်ပြီး ၆ လအတွင်း ကြေအောင်ပြန် ဆပ်ပေးမယ် လို့ကတိပေးပြောသွားတယ်။ ဒါပေမယ့် ခု ၂ လ ကြာပါပြီ။ ဘာလျော်ကြေးမှ ထပ်မလာသေး တော့လယ်သမား တွေ ဘယ်လိုဆက်လုပ်မလဲ မသိသေးဘူး” ဟု လယ်သမားများနှင့် ရင်းနှီးသည့် စိုင်းခမ်းက ဆက်လက် ပြောပြသည်။
၂၀၁၁ ဒီဇင်ဘာလကလည်း နမ္မတူမြစ်ကို မြစ်ရေစီးကြောင်း လွှဲပြောင်းရန် မြစ်ကမ်းဘေးရှိ ဒေါ်မြဦးဆာ၊ ဦးအိုက်ထွန်း၊ စိုင်းပန်းလူနှင့်ဦးဆန်လူ တို့၏လယ်ယာခြံမြေများကို ပိုင်ရှင်များအား အသိမပေးဘဲ သိမ်းယူကာ ဆိုင်းခေါင် အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီးဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံနှင့် တရုတ်စကား ပြန်များက အဆိုပါ မြေပိုင်ရှင် လေးဦးကို လျော်ကြေးငွေ အနည်း အကျဉ်း ပေးချေပြီး တရုတ် ဘာသာဖြင့် ရေးထားသော စာရွက်၌ လက်မှတ် ရေးထိုးခိုင်းကြောင်း www.kawli.info ကော့လီမီဒီယာက ရေးသားဖူးပါသည်။