ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ
“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။

“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။

ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။

အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏  ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။ (ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-u...)

တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ရ၇၂၊ ရ၇၅၊ ရ၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင်  စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ    ရှိ၏။  ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။