အစိုးရ နှင့် RCSS ကျိုင်းတုံ၌ သဘောတူညီချက် ၁၁ ချက်လက်မှတ်ထိုး

အစိုးရ နှင့် RCSS ကျိုင်းတုံ၌ သဘောတူညီချက် ၁၁ ချက်လက်မှတ်ထိုး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ယနေ့ တွေ့ဆုံဆွေးနွေးရာ သဘောတူညီချက် ၁၁ ချက် လက်မှတ်ရေးထိုးကြသည်ဟု ဆိုသည်။

သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်
“သဘောတူညီချက်က ၁၁ ချက်လေ။ အဓိက ကတော့ ဌာနချုပ်အခြေချ နေထိုင်ရေး၊ စစ်ကြောင်းသွား လာလှုပ်ရှားရေး၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး --  စတာတွေ ပါဘဲ” ဟု လိုက်ပါတက်ရောက်သတင်း ယူသူ စိုင်းဆိုင်ယ က ပြောပါသည်။

ယနေ့ မေ ၁၉ ရက် မနက် ၉:၃၀ နာရီ ခွဲတွင်အစည်းအဝေးစတင်ကြောင်း၊ ထိုအစည်း အဝေးတွင် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက် စစ်က အချက် ၁၁ချက်တင်ပြဆွေးနွေး ကြောင်း၊ ညနေပိုင်း၌ သဘောတူညီချက်များ လက်မှတ် ရေးထိုး၍ နှစ်ဘက်ဖလှယ်ကြကြောင်း ကြားသိရပါသည်။

“အဲဒီမှာ စဝ်ယွက်စစ်ပြောသွားတာက အပစ်စရပ်ချိန်ကစပြီး ကနေ့ အထိ တိုက် ပွဲ ၁၇ ကြိမ်ဖြစ်ပွားတယ်။ အဲဒီဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အထက်က သိသည်ဖြစ်စေ မသိသည် ဖြစ်စေ နှစ်ဘက်တပ်သားထုနဲ့ လူထုက တော့ ဇဝေဇဝါဖြစ်စေတာ အမှန်ဘဲ၊ ဒီတိုင်း ဆက်ဖြစ်မယ်ဆိုရင်တော့ သမ္မတကြီး ရည်မှန်းတဲ့ ၂၀၁၃ စီးဂိမ်းစ်မြန်မာပြည်မှာဖြစ်ဖို့၊ ၂၀၁၄ မှာ အာဆီယံ ဥက္ကဌဖြစ်ဖို့ ဆိုတာဖြစ်လာမှာမဟုတ်ဘူး။ ကမ္ဘာကလည်း ဗမာကို ယုံတော့မှာမဟုတ်ဘူး။ သမ္မတကြီးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လက်တွဲအကောင် အထည်နိုင် မယ်ဆိုရင် သမိုင်းစာမျက်နှာသစ်ဖွင့် နိုင်မှာမလွှဲဘူး - လို့ ပြောတယ်” - ဟု စိုင်းဆိုင်ယ ကဘဲပြောပါသည်။

သျှမ်းပြည်တပ်မတော်ဘက် တောင်းဆိုသော အချက် ၁၁ မှာ- မူးယစ်ဆေးဝါးတိုက်ဖျက် ရေးစီမံကိန်း၊ မုံးထား နှင့်ဟိုမိန်း ၌ ဌာနချုပ်အခြေချနိုင်ရန်၊ ငြိမ်းချမ်းတည်မြဲရေး စောင့်ကြည့်ရေးကော်မတီဖွဲ့ရန်၊ သက်ဆိုင်သည့်အကျဉ်းသားလွှတ်ပေးရန်၊ ပြည်တွင်း၌ လွတ်လပ်သည့်သျှမ်းသတင်း အခြေချနေထိုင်ခွင့်ပြု ရန်၊ အစိုးရမဟုတ်သည့် NG0 အဖွဲ့အစည်းများနှင့်လက်တွဲပြီး လူထုအကျိုးသယ်ပိုးရန်၊ ထိုင်းနယ်စပ် ၌နယ်ခြားဂိတ်သုံးခု ဖွင့်ခွင့်ပြုရန်၊ RCSS/SSA ထိန်းချုပ်နယ်မြေ၌ လက်နက်များလွတ်လပ်စွာကိုင်ဆောင် သွားလာခွင့်ပြုရန်၊ လူထု နှင့် တပ်ထုမိသားစုများ ကူညီပံ့ပိုးရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အား နယ်မြေတိုင်း၌လွတ်လပ်စွာသွားလာ လုပ်ကိုင်ခွင့်ပြုရန် နှင့် ရွှေလီမြစ်ဝှမ်းဒေသ၌ စိုက်ပျိုးရေးမွေးမြူ ရေး  လုပ်ကိုင်ခွင့်ပြုရန် စသည်တို့ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယနေ့ မေ ၁၉ ရက် ၂၀၁၂ ထုတ်မြန်မာ့အလင်းသတင်းစာ၌ ‘လက်နက်ကိုင် တပ်ဖွဲ့များ ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ထာဝရငြိမ်းချမ်းရေး အတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင် ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူသွားလာ၊ နေထိုင်၊ လုပ်ကိုင်စားသောက်ရေး’ - စသဖြင့် သမ္မတ ဦးသိန်းစိန်က အမိန့်ထုတ်ပြန်သည်။