ကျိုင်းတုံတွေ့ဆုံပွဲ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင်တက်ရောက်

ကျိုင်းတုံတွေ့ဆုံပွဲ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင်တက်ရောက်
by -
သျှမ်းသံတော်ဆင့်

ယနေ့ နံနက် သံလွင်အရှေ့ခြမ်းကျိုင်းတုံမြို့ ၌ အစိုးရကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်တို့ တွေ့ဆုံသော ပြည်ဆောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲအား RCSS/SSA ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တက်ရောက်သည်ဟုသိရသည်။

ကျိုင်းတုံသို့ခရီးထွက်စဉ် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်အား သတင်းထောက်များတွေ့ဆုံမေးမြန်း
“ဒီဆွေးနွေးပွဲက ကျနော်ကိုယ်တိုင် မသွားလို့မဖြစ်တဲ့ ခရီးစဉ်တော့မဟုတ်ဘူး။ လက်တွေ့လုပ်ရမယ့် အပိုင်းမှာ ပိုမို မြန်ဆန်အောင် ဆွေးနွေးချက်တွေ အချိန်မဆွဲဘဲ ဆုံးဖြတ်နိုင်အောင်လို့ပါ” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် က မယ်ဆိုင်မြို့မှ မထွက်ခွာခင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ခရီးစဉ်၌ လိုက်ပါသူ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းအန်းတိုင်းကပြောပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တက်ရောက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံပွဲကို ကျိုင်းတုံမြို့အခြေစိုက် တြိဂံ စစ်တိုင်းရုံး ခန်းမ ၌ ယနေ့နံနက် ၉:၃၀ နာရီ စတင်ကြောင်း ကြားသိရပါ သည်။

မြန်မာအစိုးရကိုယ်စားလှယ်များမှာမူ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ (၁) တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ (၂) ပြည်ထောင်စုမီးရထားဝန်ကြီး ဦးအောင်မင်း နှင့် သျှမ်းပြည်အတွင်း အခြစိုက် သည့် တိုင်းမှူးများပါဝင်ကြောင်း စိုင်းအန်းတိုင်းက ပြောပါသည်။
ကျိုင်းတုံသို့ ခရီးဆက်နေသော RCSS/SSA ယာဉ်တန်း
“အစည်းဝေးမှာ သျှမ်းပြည်တပ်မတော်ဘက်က အချက် ၁၁ ချက် ဆွေးနွေးမယ်ပြောတယ်။ အသေးစိတ်တော့ မသိရ သေးဘူး။ ဒီနေ့ ဆုံးဖြတ်ချက် အားလုံး မချနိုင်သေးရင် အစည်းအဝေးက မနက်ဖြန်အထိဆက်သွား မယ့်ပုံပေါ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် သျှမ်းပြည်တပ်တော် RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်အပါဝင် အဖွဲ့ဝင် ၂၂ ဦး၊ ထိုင်းနိုင်ငံ သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းဌာနများ၊ ထိုင်းနိုင်ငံအခြေစိုက်မြန်မာ သတင်းဌာန များဖြစ် သည့် ဒီဗီဘီ၊ ဧရာဝတီ၊ Shan Youth Power Media နှင့် သျှမ်းသံတော်ဆင့် သတင်းထောက်အပါဝင် သတင်းထောက် အယောက် ၄၀ ခန့် ပါသွားသည်ဟု သိရပါသည်။