မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရာ တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဖက်မှ ဌာနချုပ် အခြေချရေးလက်တွေ့ အကောင် အထည်ဖော်ရန်နှောင့်နှေးနေမှုအပါအဝင် အချက် ၃-၄ ချက်ထည့်သွင်း ဆွေးနွေးရန်ပြင်ဆင်ထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်ကပြောသည်။
“ကျနော်တို့ ၂၀၁၂ ဂျန္နဝါရီက ပြည်ထောင်စုအဆင့်ဆွေးနွေးရာကနေ သဘောတူညီချက်ရရှိခဲ့တဲ့အတိုင်း သျှမ်းပြည်တောင် ပိုင်းဟိုမိန်းနဲ့ သျှမ်းပြည်အရှေ့ပိုင်း မုန်းထားကို ကျနော်တို့ ဌာနချုပ်အခြေစိုက်ဖို့ အကောင် အထည်ဖော်ရာမှာ တပ်မတော် ဘက် က လက်တွဲပူးပေါင်းမှုအားနည်းနေတဲ့အတွက် အကောင်အထည် ဖော်လို့ မရဖြစ်နေတဲ့ကိစ္စကိုအဓိကထား ဆွေးနွေး ပါမယ်” ဟု RCSS/SSA ပြောခွင့်ရဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။
ယခုလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ တွင် အစိုးရကိုယ်စားလှယ်များနှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌လျာထား ခြင်းဖြစ်ကြောင်း ဗိုလ်မှူး လောဝ်ဆိုင်ကပြောသည်။
အဆိုပါ ဌာနချုပ်အခြေချရေးအကောင်အထည်မဖော်နိုင်သည့်ကိစ္စအပြင် သျှမ်းပြည်အတွင်း မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အတွက် ပြည်ထောင်စုအစိုးရနှင့်လက်တွဲနိုင်ရေးကိစ္စ၊ လူထုနှင့်တပ်သားမိသားစုများ အခြေချနေထိုင်ရေးကိစ္စ နှင့် ဖွံ့ဖြိုး ရေးကိစ္စများအပါအဝင် ထိန်းသိမ်းခံထားရသော သျှမ်းပြည်တပ်မတော် သားများအား အစိုးရက လွတ်ငြိမ်းချမ်း သာခွင့် ပေးဖို့ ကိစ္စ ဆွေးနွေးတောင်းဆိုသွားမည်ဟု ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။
“အပစ်ရပ်ရေး သဘောတူညီချက်မရခင်ကတည်းက အဖမ်းခံထားရတဲ့ ကျနော်တို့ သျှမ်းပြည်တပ်မတော် သားများ၊ ကျနော် တို့နဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လဲတောင်း ဆိုမှာဖြစ်ပါတယ်” ဟုဆို၏။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရန်သျှမ်းပြည်တပ်မတော်ဖက်က ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀ ခန့်အပြင် ငြိမ်းချမ်းရေးဆွေးနွေးရေး အကြောင်း ပြည်တွင်းပြည်ပ လူထုအား တင်ပြ ပေးနိုင်ဖို့ သတင်းထောက် ၄၀ နီးပါးခန့်လည်း ပါဝင်မည်ဟု ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။
“မြန်မာအစိုးရကိုယ်စားလှယ်ဖက်ကတော့ VIP အများအပြားပါဝင်မယ်လို့ ဦးခင်မောင်စိုးက ကျနော်တို့ကို အကြောင်း ကြား ထားတယ်။ နာမည်အတိအကျတော့မပြောဘူး။ ဒုသမ္မတတို့၊ စစ်ဦးစီးချုပ်တို့ ပါဝင်မယ်လို့ ခန့်မှန်းရတယ်။ ကျနော်တို့ အနေနဲ့လဲ ကျွမ်းကျင်ပညာရှင်တွေ ပြည်ပက ပညာရှင်တွေကိုလဲ လေ့လာသူ အဖြစ် တက်ရောက်စေချင်တယ်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သစ်မှာ ပါဝင်တယ်ကြားရလို့ ကျနော်တို့ ဝမ်းမြောက် ဝမ်း သာကြိုဆိုတယ်။ ကျနော်တို့တိုင်းရင်းသား တွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ သမ္မတ၊ ဒုသမ္မတ က ကိုယ်တိုင်ကိုယ်ကျ အလေး ထားပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ အမှန်တကယ်အောင်မြင်မယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် အဓိက အရေးပါသည်မှာ တိကျသောမူဝါဒဖြစ်ကြောင်း ၎င်းကပြော သည်။
အစိုးရနှင့် တကြိမ်တခါမျှ အပစ်မရပ်ဖူးသော သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ်ရေးဆွေးနွေးခဲ့ပြီး ၂၀၁၂ ဂျန္နဝါရီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ခဲ့သည်။ ယခုတကြိမ် လက်တွေ့အကောင် အထည်ဖော်ရန် ခက်ခဲနေသည့် ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ၂၀၁၂ မေလ ၁၉ နှင့် ၂၀ ရက်နေ့တွင်မူ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးကြမည်ဖြစ် သည်။