ဦးသိန်းစိန်အစိုးရ၏ ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအဆင့် (ဒု) ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရေးအတွက် ကော်မတီ တရပ်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကော်မတီသစ် တရပ် ဖွဲ့စည်းလိုက်ကြောင်း ကြားသိရပါသည်။
“ကျနော်တို့ RCSS ရဲ့ ဗဟိုကော်မတီက ရ ရက်နေ့တုန်းက အစည်းအဝေးထိုင်တယ်။ အစိုးရ ကိုယ်စားလှယ် နဲ့ ဒီလအတွင်းမှာ ထပ်တွေ့မယ်။ အဲဒါကို ကော်မတီသစ် ပြန်ဖွဲ့စည်းတာ။ နောက်တခုက အစိုးရ နဲ့ လက်တွဲ ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အဲဒါလဲ ကော်မတီတရပ်ဖွဲ့စည်းတယ်၊ ဘယ်သူဘယ်ဝါဆိုတာ နောက်ပိုင်း ထုတ်ပြန်သွားမှာပါ” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် က ပြောပါသည်။
မေ ရ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုကော် မတီက ဌာနချုပ်လွယ်တိုင်းလျဲန်း၌ အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေးမှ ကြေငြာ ချက် တစောင် ထုတ်ပြန်ကြောင်း လွယ်တိုင်းလျဲန်းအရာရှိတဦးကပြောပါသည်။
အဆိုပါကြေငြာချက်တွင် ဦးသိန်းစိန်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်၌ ပူးတွဲအလုပ် လုပ် ကိုင် နိုင်ရန် RCSS/SSA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ၊ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဖွဲ့စည်းကြောင်း၊ သျှမ်းပြည်အတွင်းမူးယစ်ဆေးဝါးများပေါများနေသောကြောင့် အစိုးရနှင့် ပူးတွဲတိုက်ဖျက်မှ သာ ပျောက်ကွယ်နိုင်ကြောင်း၊ တိုက်ဖျက်ရေးအောင်မြင်ဖို့လည်း ဒေသအတွင်း အာဏာရှိသူများ၊ ကျေးလက် ရပ်ရွာအကြီးအကဲများနှင့်လက်တွဲကာ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ် ထု အားလုံး၏ အန္တရယ်ဖြစ်သောကြောင့် တခြားအဖွဲ့အစည်းများလည်း လက်တွဲလိမ့်မည်ဟု မျှော်လင့် ကြောင်း ပါရှိပါသည်။
“အခုလိုမျိုးကော်မတီ ထပ်ဖွဲ့စည်းရတာက အလုပ်လုပ်တဲ့နေရာမှာပိုမိုထိရောက်ဖို့။ နောက်တခု မည်သူက မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်တယ်ဆိုတာ အချက်အလက်တွေ စုဆောင်းမယ်၊ ပူးပေါင်းတိုက်ဖျက်ဖို့ အစိုးရထံတင်ပြမယ်” - ဟု ဗိုလ်မှူးလောဝ်ဆိုင်က ဆက်ပြောပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၂၀၁၁ နိုဝင်ဘာလ အစိုးရ ကိုယ်စားလှယ်နှင့် ပထမဦးဆုံးတွေ့ဆုံ စဉ်ကတည်းက - ၁။ နှစ်ဦးနှစ်ဖက်အပစ်ရပ်စဲရန်၊ ၂။ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ၃။ မိမိ နယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်သွား နိုင်ရန် နှင့် ၄။ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက် သွားရန် - ဟူသည့် အချက် ၄ ချက်ကို တင်ပြတောင်းဆိုခဲ့ပါသည်။