ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်းဦးဆောင်သည့် ဥရောပခရီးစဉ်သွားကြမည့်အဖွဲ့၌ သျှမ်းအမျိုးသမီး လွှတ်တော်အမတ် လည်းပါဝင်ရာ အနောက်နိုင်ငံများ၏ လွှတ်တော်တွင်း ဥပဒေပြုရေးလေ့လာရန်အတွက် စီစဉ်ထားကြောင်း သိရပါသည်။
“ ဦးရွှေမန်းနဲ့အတူ ကျမတို့ အဖွဲ့မှာ ၁၂ ယောက်ရှိပါတယ်။ တိုင်းရင်းသားထဲက အမျိုးသမီးလွှတ်တော်အမတ် ဆိုရင် ကျမ နဲ့ ကချင်က ဒေါ်ဘွဲတူ ၂ ယောက်ဘဲပါတယ်။ ကျန်တာက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တချို့ ၊ ရုံးဝန်ထမ်း တချို့၊ ဥက္ကဌပိုင်းကတချို့နဲ့ ညွှန်ကြားရေးမှူးပိုင်းကတချို့ပါဝင်ပါတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းဝါနုက ပြောသည်။
မြန်မာလွှတ်တော်၏ပထမဆုံးခရီးစဉ်ဖြစ်သော ယခုခရီးစဉ်မှာ မေလ ၆ ရက်မှ ၁၈ ရက်အထိ ကြာမည်ဖြစ် ကြောင်း၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် နော်ဝေးနိုင်ငံများသို့ သွားကြမည်ဖြစ်ကြောင်း၊ ပြင်သစ်နှင့် ဆွစ်ဇာလန် ၌လည်း ခရီးတထောက် နားကြ မည်ဖြစ်ကြောင်း ဆိုပါသည်။
“အနောက်နိုင်ငံတွေရဲ့ လွှတ်တော်ကို အသေးစိတ်လေ့လာခွင့်ရမယ်။ ကျမအနေနဲ့ ဥပဒေပိုင်းမှာ ဆိုတော့ ဥပဒေ ပြုခြင်းဆိုင်ရာ လေ့လာခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်တာလို့ပြောပါတယ်။ အကျိုးရှိမယ့် ခရီးစဉ်ဖြစ် မယ်လို့ ယူဆ ပါတယ်” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
အလားတူ ဂျာမဏီနိုင်ငံ လစ်ဘရယ်ပါတီကစီစဉ်ဖိတ်ခေါ်မှုကြောင့် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ၊ ရခိုင်ပါတီမှ ဒေါက်တာ အေးမောင်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအပြင် NLDအမတ်များ ဖြစ်ကြသော ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေး ကြံ့ခိုင်ရေးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်းတို့ ပါ၀င်သော လွှတ်တော်အမတ် ၉ ဦးလည်း မေလ ၅ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ဂျာမနီနိုင်ငံ လွှတ်တော်အားသွားရောက် လေ့လာကြမည်ဖြစ်ကြောင်း ကျားဖြူပါတီအသိုင်း အဝိုင်း ကပြောပါသည်။