ဂက်စ်ပိုက်လိုင်းအတွက်လျော်ကြေး ဒေသခံမကျေနပ် သျှမ်းပြည်ဝန်ကြီးချုပ်ထံစာတင်

ဂက်စ်ပိုက်လိုင်းအတွက်လျော်ကြေး ဒေသခံမကျေနပ် သျှမ်းပြည်ဝန်ကြီးချုပ်ထံစာတင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဆိုင်းခေါင်ဝ်အုပ်စု ဒေသခံများ၏ဂက်စ်ပိုက်လိုင်းဖြတ်သန်း မှုလျော်ကြေးငွေများအပေါ် မြေတိုင်းဦးစီးမှူးနှင့်အဖွဲ့က ဖြတ်စားသည့်အပြင် အသေးစိတ်စာရင်းကိုလည်း လယ်ယာပိုင်ရှင်များအား ရှင်းလင်းချပြခြင်း မရှိကြောင်း ဒေသခံများကပြောသည်။

0204
“နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စု ပန်မန့်ရွာသား ၄ ယောက်၊ ပိန်းကျောင်းရွာသား ၁ ယောက်။ သူတို့ရဲ့လယ်မြေတွေမှာ ဂက်စ်ပိုက်လိုင်းချတော့ မနှစ်က အောက်တိုဘာလက မြေတိုင်းဦးစီးမှူး ဦးဝင်းနိုင် မြင့်နဲ့အဖွဲ့ လျော်ကြေးပေးတယ်။ ဒါပေ မယ့် လျော်ကြေးရဲ့ ၂၀ % ကနေ  ၃၀% ကို  ဖြတ်ယူတယ်။ ရွာသားတွေကနေ လျော်ကြေးပေးတဲ့ စာရင်းတောင်းကြည့် တော့လဲ မပေးဘူး။ ဒီအတွက် ရွာသားတွေက မကျေနပ်လို့ သျှမ်းပြည်ဝန်ကြီးချုပ်ဆီကိုစာတင်ကြတယ်” ဟု နမ္မတူဒေသခံ စိုင်းခမ်းကပြောသည်။

ဖြတ်ယူထားသောလျော်ကြေးငွေများအား ဝေငှယူသည့် အာဏာပိုင်များမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ မြေတိုင်း ဦးစီးမှူး ဦးဝင်းနိုင်မြင့်၊ ဆိုင်းခေါင်ဝ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြနှင့် စာရေးမ ဒေါ်ဝင်းဝင်းစိုး တို့ဖြစ်ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စုအတွင်း ပိုက်လိုင်းဖြတ်သန်းခံရသော လယ်မြေခန့်မှန်းခြေ ဧက ၆၀ ဝန်းကျင်ရှိပြီး လယ်ပိုင်ရှင် ၃၀ ဦး၏ လယ်မြေများဖြစ်ကြောင်း စိုင်းခမ်းကပြောသည်။

ပိန်းလောင်းရွာသားတဦးကမူ ၎င်း၏ ဒညင်းသီးခြံမှ ဒညင်းပင် ၁၈ ပင်ပါသွားရာ လျော်ကြေးမှာမူ ၁၄ ပင်စာသာရကြောင်း၊ အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ၄ ပင်စာမှာအာဏာပိုင်များမှဖြတ်ယူထား လိုက်ပြီဟု ပြောကြောင်း၊ ထို့အတွက် ပြန်လည်ရရှိရန်နှင့် လျော်ကြေးစာရင်း အသေးစိတ်ရှင်းလင်းပြသပေး ရန်အတွက် သျှမ်းပြည်ဝန်ကြီးချုပ်ထံ ဧပြီလ ၂၃ ရက် က တိုင်ကြားလိုက်ပြီဖြစ်ကြောင်း  တိုင်ကြားသည့် လယ်ပိုင်ရှင် ၅ ဦး အနက် တဦးကပြောသည်။

“ကုမ္မဏီက ပြောတုန်းက ၅ နှစ်စာအတွက် လျော်ပေးမယ်လို့ပြောတယ်။ ခုကျတော့ စာရင်းမရှိဘာမရှိနဲ့ဘာ အတွက် လျော် တာလဲ မြေအတွက်လား သီးနှံအတွက်လား ဘယ်လောက်လျော်ပေးလဲ အာဏာပိုင်တွေက ဘယ်လောက် ဖြတ်ယူထားလဲ စသဖြင့်ပေါ့။ အတိအကျသိချင်နေကြတယ်” ဟု စိုင်းခမ်းကပြောသည်။

အဆိုပါကိစ္စများအတွက် ယခင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေနှင့် ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေး ထံ လည်း အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း၊ ယခုတကြိမ် ပိုမိုထိရောက်အောင် လယ်ပိုင်ရှင် ကိုယ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်ထံ သွားရောက်တိုင်ကြားခြင်းဖြစ်ကြောင်း နမ္မတူဒေသခံတဦးက လည်းပြော၏။

၂၀၁၁ ဒီဇင်ဘာလကလည်း နမ္မတူမြစ်ကို   မြစ်ရေစီးကြောင်း လွှဲပြောင်းရန် မြစ်ကမ်းဘေးရှိ ဒေါ်မြဦးဆာ၊ ဦးအိုက်ထွန်း၊ စိုင်းပန်းလူနှင့်ဦးဆန်လူ တို့၏လယ်ယာခြံမြေများကို ပိုင်ရှင်များအား အသိမပေးဘဲ  ကြိုးနီခတ်  သိမ်းယူလိုက်ကြောင်း၊ ဆိုင်းခေါင်  အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီးဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံနှင့် တရုတ်စကား ပြန်များက အဆိုပါ မြေပိုင်ရှင် လေးဦးကို စီမံကိန်းရုံးသို့ခေါ်ယူပြီး မြေများကို သိမ်းယူတာမဟုတ်  ၊ ၆ လတာကာလအတွက် ခေတ္တ ငှားရမ်းခြင်းဖြစ်ကြောင်း၊ စီမံကိန်း ပြီးဆုံးပါက ပြန်လည်ရယူ စိုက်ပျိုးနိုင်ကြောင်း ပြောကာ လျော်ကြေးငွေ အနည်း အကျဉ်း ပေးချေပြီး တရုတ်ဘာသာဖြင့် ရေးထားသော စာရွက်၌ လက်မှတ် ရေးထိုးခိုင်းကြောင်း www.kawli.info ကော့လီမီဒီယာက ရေးသားပါသည်။