သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အခြေစိုက် မြန်မာစစ်တပ်က နှစ် ၂၀ ကျော်သိမ်းယူထားသော လယ်ယာမြေများအား ပိုင်ရှင်များက ပြန်လည်တောင်းယူရန် ကျားဖြူပါတီထံ တိုင်ကြားထားကြောင်း မိုင်းရယ် ကျားဖြူလွှတ်တော်အမတ် က ပြောသည်။
“ ၁၉၉၅ တပ်ဆောက်စဉ်ကတည်းက သိမ်းထားတဲ့ ဒေသခံတွေရဲ့ လယ်မြေ ဧက ၃၀ ကျော်နဲ့ ငါးကန်တွေကို ပြန်တောင်း ပေးဖို့ တိုင်ကြားလာပါတယ်။ ကျနော်တို့ဖက်ကတော့ လယ်ပိုင်ရှင်ကိုယ်တိုင် သက်သေအထောက်အထားနဲ့တကွ လာ ရောက်တင်ပြဖို့ ပြောထားပါတယ်။ အဲဒါမှ အလုပ်လုပ်ရလွယ်ကူမြန်ဆန်မယ်လေ ” ဟု မိုင်းရယ်မြို့ ကျားဖြူ ပြည်သူ့ လွှတ်တော်အမတ် စိုင်းဟတ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဒေသခံလယ်သမား ရ ဦး၏ လယ်မြေ ဧက ၃၀ ကျော်အား တပ်ဆောက်စဉ်ကတည်းက သိမ်းယူထားပြီး တပ်မြေအဖြစ် မသုံးဘဲ တခြားလယ်သမားများပြန်လည်ငှားပေးကြောင်း၊ ငါးကန်များကိုလည်း အလားတူ ပြန်လည်ငှားစားနေကြောင်း ၊ ယခုသမ္မတ သစ်လက်ထက် တပ်မှသိမ်းယူထားသောလယ်မြေများ ပြန်လည်တောင်းယူနိုင်သည်ကိုတွေ့ရသဖြင့် မိုင်းရယ် ဒေသခံများလည်း မိမိလယ်ယာမြေများအား ပြန်လည်တောင်းယူလိုကြောင်း တိုင်ကြားလာသည်ဟု စိုင်းဟတ် ကပြော သည်။
အဆိုပါ လယ်မြေများမှာမိုင်းရယ်မြို့ အရှေ့တောင်ဖက် ရပ်ကွက် ၃ နှင့်ကပ်လျက် ခမရ ၃၂၅ တပ်ဧရိယာရှိ လယ်ယာ များဖြစ်ကြောင်း၊ စစ်တပ်မှ (လျော်ကြေးမရှိ) လယ်ယာမြေသိမ်းယူမှုကြောင့် လယ်ယာမြေပိုင်ရှင်အချို့မှာ စိတ်ကျရောဂါ ပင်စွဲကပ်ကြောင်း လယ်သမားများပြောပြချက်ကို ကိုးကား၍ ကျားဖြူလွှတ်တော်အမတ်က ပြောသည်။
ပြီးခဲ့သည့်အပတ်ကလဲ အဆိုပါ ခမရ ၃၂၅ က တပ်တွင်းသုံးလျှပ်စစ်အတွက် ရေကိုချောင်းရင်းမှ ဖြတ်ယူသဖြင့် နွေစပါး စိုက်ပျိုးမည့် ရပ်ကွက် ၃ နှင့် နားခေါ်ရွာမှ လယ်သမားများအခက်တွေ့ရာ ကျားဖြူပါတီ မှ သွားရောက်ကူညီဖြေရှင်း ပေးခဲ့ရ သေးကြောင်း စိုင်းဟတ်ကပြောသည်။
“ကျနော်တို့ ဒီအကြောင်းသိတော့ ရေမရလို့ မြေတွေ ခြောက်သွေ့အက်ကြောင်းကွဲနေတာကိုသွားပြီး ဓါတ်ပုံရိုက်တယ်။ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကိုသွားခေါ်ပြတယ်။ ရေပေးဝေဖို့ပြောတယ်။ အစက စစ်တပ်က တနေ့ကို ၃ နာရီ ရေယူမယ် ပြောသေးတယ်။ ကျနော်တို့က ဒီနွေအတွင်းမှာ စစ်တပ်က မယူသေးနဲ့ဦး။ မိုးကျမှယူပါလို့ ပြောတယ်။ အခု ရေရပြီလို့ လယ်သမားတွေ ဝမ်းပန်းတသာနဲ့ လာပြောတယ်။ အခုလို လယ်ရေ အဖြတ်ခံရတာ လယ်သမား ၃၆ ယောက်ရဲ့လယ် တွေပေါ့ ” ဟု ဆိုပါသည်။
အဆိုပါ မခရ ၃၂၅ သည် ယမန်နှစ်(သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်ကာလ) က တပ်တွင်းသုံးဖို့ ရေပိုက်သွယ်တန်းရန် အတွက် ဝမ်ဇန့်ရွာ ဒေသခံလူထုထံမှပိုက်ဆံ ကျပ်သိန်းချီ ကောက်ခံခဲ့ဖူးသည်။ အလားတူ ကုန်းဝက်အုပ်စု ဝမ့်နမ့်ဆွမ်ရွာ ဒေသခံအမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့ မှောက်၌ မုဒိန်းကျင့်ခဲ့ဖူးသည်။