သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မြို့တမြို့ဖြစ်သော နမ့်ခမ်း၌ လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမှု အပါဝင် အခြားဥပဒေချိုးဖောက်သည့် အလုပ်အမျိုးမျိုး ကျူးလွန်နေကြသောကြောင့် ဦးသိန်းစိန် အစိုးရ အာဏာရ တစ်နှစ်ကျော်လာ သော်လည်း တရားဥပဒေ စိုးမိုးမှုလုံးဝမရှိသေးကြောင်း ဒေသခံများက ပြောပါသည်။
“ကျနော်တို့နမ့်ခမ်းမှာလေဗျာ၊ အာဏာပိုင်တွေနဲ့ ဝင်ဆန့်တဲ့သူတွေက အခွင့်အရေးယူပြီး လုပ်ချင်တာတွေ လုပ်နေကြတယ်၊ မူး ယစ်ရောင်းဝယ်ဖေါက်ကား ဝယ်ယူစားသုံးတာတွေ၊ အပြာကား ရောင်းတာတွေကအစ လုယက်မှုတွေအဆုံး လုပ်ချင်တာလုပ် နေ ကြတယ်။ သောကြာနေ့ကလဲ လူသတ်မှုဖြစ်တယ်။ တရားခံ အခုထိ မပေါ်သေးဘူး။ ရှင်းရှင်းပြောရရင်ဗျာ ကျနော်တို့မြို့မှာ တရား ဥပဒေ စိုးမိုးရေးလုံးဝမရှိတော့ဘူး” - ဟု နမ့် ခမ်းမြို့ ကျားဖြူပါတီဝင် အကြီးအကဲ တဦးက ပြောပါသည်။
သောကြာနေ့ ညနေ ၆:၃၀ နာရီ နမ့်ခမ်းမြို့၊ စုပေါင်းရုံးလမ်း၊ ပင်လယ် ပြာစားသောက်ဆိုင်ရှေ့၌အမည် မသိ သေနတ်သမား၏ ပစ်ခတ်မူ ကြောင့် ဦးထုံကျောက်(ယုံးလီဆီဆိုင်) ၏သား အားပါ့တီ သေဆုံး ခဲ့၏။ နမ့်ခမ်းမြို့ မြို့မဈေး၊ ရဲစခန်း၊ ယာဉ်ထိန်းရဲ ရုံးအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်၏။ စိုင်းစိန် ၏ တပ်လု၊ ဆာ့ခုံ(မ်)ရောင်းသည့် ပင်လယ်ပြာ စားသောက်ဆိုင်ရှေ့အရောက် ကားပေါ်မှ အဆင်းဆိုင်ကယ်သမားနှစ် ယောက်က ဝင်ရောက်ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ အားပါ့တီ၏ ရုပ်အလောင်း အား သင်္ဂြိုလ်မည်ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
“ဘာကြောင့်ပစ်သတ်သလဲဆိုတာသတင်းအမျိုးမျိုးထွက်နေပါတယ်။ ယုံးလီ အိမ်က အာဏာပိုင်တွေနဲ့ ဝင်ဆန့်နိုင်တယ်။ ၂၁ ရက်နေ့ တုန်းက မုန်းဝီးဘက်ကနေလာတဲ့ သစ်တွေ အဖမ်းခံရတာလဲ အားပါ့တီ သတင်းပေးတဲ့အတွက်ကြောင့် လို့လဲပြောတယ်။ နောက်တခု သူကတရုတ်ပြည်ဘက်ခြမ်းကအကြွေးတွေ အများကြီးယူထားပြီး ပြန်မဆပ်တာကြောင့် အကြွေးရှင်တွေက လက်တုန့် ပြန်တာလည်းဖြစ်နိုင်တယ်။ ကျနော်တောင်မှ သူ့ဆီကရဖို့ (ဘော လုံးလောင်းငွေ) သိန်း ၁၀၀ ကျော်ရှိတယ်။ သူကအဲလို ဖြစ်သွားတော့ မတတ်နိုင်တော့ဘူး” - ဟု အမည်မဖော်လိုသူ ဘောလုံးလောင်းကစားဒိုင်တဦး ကလဲပြောပြခဲ့ပါသည်။
ထို့အတူ နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက် အိမ်တအိမ်တွင် ညမိုးလင်းပေါက်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်နေ ကြောင်း၊ မြို့တွင်း အစိုးရဝန်ထမ်းများ၊ တရုတ်လူမျိုးများ သွားရောက်ဝယ်ယူသုံးစွဲကြောင်း၊ သျှမ်းလူငယ် များမှာမူ ဟိုနမ့်ဘက် သွား ဝယ်ကြကြောင်း၊ အဆိုပါမူးယစ်ဆေးရောင်းဝယ်သည့်အိမ်သည် ရဲ၊ မူးယစ်များ အား လစဉ်ပိုက်ဆံကျပ် သိန်းပေါင်းများစွာပေးကျွေးထားကြောင်း၊ အဖမ်းအဆီးပြုမည်ဆိုပါက ဆိုင်ရာအာဏာပိုင်များက ကြိုတင်အကြောင်းကြားသောကြောင့် မူးယစ်ဆေးဝါးဖမ်းမိခြင်း လုံးဝ မရှိ ကြောင်း ၊ ထို့အတူ စာစီစာရိုက် အမည်ခံ၊ ဝပ်ရှော့အမည်ခံ၍ မူးယစ်ဆေးဝါးရောင်းဝယ်နေသူများလည်းရှိကြောင်း ဒေသခံများ က ပြောပါသည်။