သျှမ်းပြည်အရှေ့ပိုင်း တာလေဒေသ ငလျင်ဒဏ်သင့်ခဲ့သည်မှာ တနှစ်ပြည့်သော်လည်း အဆောက် အဦးများ ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသဖြင့် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
“တာလေ-မိုင်းလင်းမှာ အဓိကတော့ ဘုန်းကြီးကျောင်းတွေဘဲ။ ဘုန်းကြီးကျောင်းတွေ ဆောက်လို့မပြီး သေးဘူး။ တချို့ဘုန်းကြီးကျောင်းတွေဆို အုတ်မြစ်ချ၊ တိုင်ထောင်ထားတာ ကြာလှပြီ။ ဆက်မဆောက် နိုင်တော့ တိုင်တွေအက်ကုန်တယ်” ဟု တာလေဒေသခံတစ်ဦးက ပြောပါသည်။
လွန်ခဲ့သည့်နှစ် ၂၀၁၁ မတ်ခ်ျလ ၂၄ ရက်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အိမ်ပေါင်း ၃၉၀၊ အစိုးရရုံး ၉ ခု၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ၅၈ ခု ပြိုကျပျက်စီးခဲ့သည်ဟု ICRC ထုတ်ပြန်တဲ့ တရားဝင်စာရင်း များအရ သိရှိရသည်။
အစိုးရက တာဝန်ယူဆောက်လုပ်ပေးသော အိမ်များအားလုံးပြီးစီးသွားသော်လည်း အစိုးရ၏ အထောက် အပံ့ယူကာ ကိုယ်တိုင်ဆောက်လုပ်သော အိမ်များမှာမူ တချို့သာ ပြီးစီးကြောင်း တာချီလိတ်ဒေသခံ တစ်ဦးကလည်း ဤကဲ့သို့ပြောပါသည်။
“အစိုးရက ပြိုကျခဲ့တဲ့အိမ်တွေကို တဝက်တာဝန်ယူဆောက်ပေးတဲ့ ပုံစံတူအိမ်တွေ အညံစားသစ်၊ အထပ်သားပြားတွေနဲ့ လုပ်ပေးတော့ သိပ်မကြိုက်ကြဘူး။ အဲဒါတော့ အားလုံးပြီးသွားပြီ။ ကိုယ်တိုင် ဆောက်တဲ့အိမ်တွေ ပိုက်ဆံမလောက်လို့ အားလုံးမပြီးသေးဘူး။ တချို့ဘဲပြီးသေးတယ်။ အစိုးရက ပေးပေမဲ့လဲ အာဏာပိုင်တွေက ကြားကနေ ဖြတ်စားတော့ အပြည့်အဝမရကြဘူး။”
ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ဒေသခံပြည်သူများမှာ လွန်စွာထိတ်လန့်တုန်လှုပ်ခဲ့ပြီး ယခုတိုင် စိတ်ဝေဒနာခံစားနေကြရကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက-
“မိသားစုဝင်တွေ သေသွားတဲ့သူတွေဆို စိတ်ပိုင်းဆိုင်ရာမှာ အခုထက်ထိ မကောင်းသေးဘူး။ တမှိုင်မှိုင် တငိုင်ငိုင်နဲ့။ အမျိုးသမီးတယောက်ဆို သူ့သားကို ကိုရင်ဝတ်ပေးတာ တပတ်လောက်ဘဲရှိသေးတယ်။ သူမရဲ့မျက်စိရှေ့မှာဘဲ သူ့သား ဘုန်းကြီးကျောင်းအုတ်နံရံဖိပြီးသေသွားတာတွေ့တော့ အခုထက်ထိ စိတ်ဝေဒနာခံစားနေရတယ်။”
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ချင်းမိုင်၊ မယ်ဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်စသည့် ဒေသများမှ စေတနာရှင်/အလှူရှင်များက မိုးကာများ၊ အိုးခွက် ပန်းကန်များ၊ သောက်သုံးရေ၊ အသင့်စားသောက်နိုင် သော (ready made) စားသောက်ကုန်များ၊ အိမ်ဆောက်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြသည်။
“အခုတော့ အလှူရှင်တွေ သိပ်မတွေ့ရတော့ဘူး။ တနှစ်ပြည့်ပေမဲ့ ဆင်းရဲတဲ့သူတွေ ပိုက်ဆံမတတ်နိုင် တဲ့သူတွေ အိမ်ဆောက်တာ မပြီးသေးဘူး။ ဒါကြောင့် အကူအညီလိုအပ်နေသေးတယ်။ လာကူရင်လဲ ဒေသခံဆီကိုဘဲ တိုက်ရိုက်သွားလှူဖို့ တိုက်တွန်းချင်ပါတယ်” ဟု တာလေအကြီးအကဲတစ်ဦးက ပြောပါ သည်။
မတ်ခ်ျလ ၂၄ ရက် ၂၀၁၁ အင်အား ၆.၈ ရှိ ငလျင်လှုပ်ခတ်သွားသောကြောင့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာပေါင်း ၉၀၊ ပြည်သူ ၂ သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၁၀၀ ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီးအသင်းက ထုတ်ပြန်ခဲ့သည်။