တောင်ကြီး - ထိုင်းနယ်စပ်လမ်း ဂိတ်စောင့်စစ်သား ခရီးသွားများထံ ပိုက်ဆံတိုးကောက်

တောင်ကြီး - ထိုင်းနယ်စပ်လမ်း ဂိတ်စောင့်စစ်သား ခရီးသွားများထံ ပိုက်ဆံတိုးကောက်
by -
သျှမ်းသံတော်ဆင့်

အစိုးရသစ်တက်လာသည့်နောက်ပိုင်း ဂိတ်များလျှော့ကျသွားသည်ဟုဆိုသော်လည်း ဗမာစကားမကျွမ်း ကျင်သော ကားသမားများ၊ ခရီးသည်များမှာ ဂိတ်ကြေးအဆမတန်ပေးနေရသေးကြောင်း နယ်စပ်ရောက် သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံ တဦး ကပြောသည်။

ခရီးသည်တင်ကား
“ဖြတ်သန်းလာတဲ့ မြို့အဝင်အတွက် ဂိတ်တိုင်းမှာ ခရီးသည်တယောက် တဂိတ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ပေးရတုန်း ဘဲ။ တမြို့ မှာ အနည်းဆုံး ၂ ဂိတ်တော့ရှိတယ်။ စစ်သားတွေ ပိုက်ဆံစောင့်ကောက်တာလေ။ ကားဆရာက အပြောကျွမ်း  ရင် တော့ ကျနော်တို့ခရီးသည်တွေ နဲနဲသက်သာတယ်။ ကားဆရာကလဲ အပြောမကျွမ်း ခရီးသည်က ဗမာစကားနား မလည် ဆိုရင်တော့ ဂိတ်ကြေးပေးဖို့ ပိုက်ဆံများများဆောင်ထား” ဟု လဲချားဒေသခံ အိုက်စိုင်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့မှ ထိုင်းနယ်စပ်သို့ ရောက်ရှိအလုပ်လုပ်နေသော အိုက်စိုင်းက ကားခ တယောက် ကျပ် ၂ သိန်းကျော်အပြင် လမ်းခရီး၌ မြန်မာစစ်သား များစောင့် သည့်ဂိတ်တို့တွင်လည်း စုစုပေါင်း ကျပ် ၁ သိန်း နီးပါး ပေးဆောင်ခဲ့ရကြောင်းပြောသည်။

“တဂိတ်တဂိတ်ဆိုရင် ခရီးသည်တယောက် အနည်းဆုံး ကျပ် ၅ ထောင်ပေးရတယ်။ တချို့ဂိတ်တွေဆိုရင် ကျပ် ၁၀၀၀၀။ တာ့ဆန်းတံတားမှာ ၃ နေရာတောင်ပေးရတယ်။ စောင့်ကောက်တာကတော့ စစ်သားနဲ့ရဲပေါ့။ ပြီးရင်သူတို့လဲ တခြား လဝကတို့ဘာတို့ကိုသွားခွဲပေးရသေးတယ်လို့ပြောတယ်။ ဒါတောင်မှဂိတ်တွေတော် တော်လျော့သွားတယ်လို့ ကားဆရာ ကပြောတယ်” ဟု အိုက်စိုင်းကပြောသည်။

ဝင်ငွေရှာရခက်ခဲမှု လက်ကိုင်တပ်ဖွဲ့များ၏ တပ်သားသစ်စုဆောင်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျနော်တို့ဖက်မှာ ခိုးလိုင်း( ပျောက်ကြားဝတ်စုံနဲ့သျှမ်းတပ်ဖွဲ့) အဖွဲ့က စစ်သားကောက်တယ်လေ။ မိန်းခလေးတွေ တောင်သွားရတယ်။ ဒါကြောင့် ကျနော်တို့ ထိုင်းကိုထွက်ပြေးအလုပ်လုပ်ရ တာဖြစ်ပါတယ်” ဟု အိုက်စိုင်းကပြောသည်။

သံလွင်မြစ် တာ့ဆန်းတံတားမှ ထိုင်းနယ် BP 1 နောင်အုပ် ကျိုင်းဒေါဝ် အထိ လမ်းကို ပြင်ဆင်ရန် နေ ပြည်တော်အစိုးရက ကျပ်ငွေ သန်းပေါင်းသောင်းချီ လျာထား၏။ အဆိုပါလမ်းမှ ဝင်ငွေအား သျှမ်းပြည်အစိုးရ၏ ဝင်ငွေအဖြစ် နေပြည်တော် အစိုးရက သတ်မှတ်ပေးဖွယ်ရှိသည်ဟု သတင်းထွက်နေသော်လည်း မျှော်လင့်ချက် သိပ်မရှိဘူးဟု ပြန်နယ်လွှတ်တော် အမတ်တဦးကပြောပါသည်။