မြစ်ကြီးနား - လိုင်ဇာကားလမ်း ဂန်ဒေါင်ယန်ရွာအနီးရှိ KIO ဒေသဖွံ့ဖြိုးရေးစခန်းကို ယမန်နေ့နေ့လည် ၁၁ နာရီခန့် က မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစိုးရတပ်မှ ပစ်ခတ်မှုကြောင့် အဆိုပါစခန်းအတွင်းရှိ လယ်ထွန်စက်များ ပျက်စီးဆုံးရူံးမှုရှိကြောင်း KIA စစ်ဘက်သတင်း ရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အဲဒီမှာ လယ်ကွင်းအကျယ်ကြီး ရှိတယ် ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးလုပ်တာပေါ့နော် လက်နက်ကြီး ကျည်တွေ ကျတော့ လူတွေအကုန် ထွက်ပြေးကြတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။
၄င်းနောက် စခန်းအနီး ရောက်လာသည့် အစိုးရတပ်နှင့် KIA တို့ အကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည် ဟုဆိုသည်။
“လူတွေက ထွက်ပြေးသွားပေမဲ့ လယ်ကွင်းတွေထဲမှာ နွားတွေကျန်တာပေါ့နော် အစိုးရတပ်က နွားဖျက်စားတဲ့ အဖွဲ့ တွေကို KIA က ပြန်ပစ်တာရှိတယ် စခန်းမှာလူမရှိတော့ လယ်ထွန်စက်ပစ္စည်းတွေကို ဒီဒေသက ဘိန်းစားတွေက ပဲ ဖြုတ်ယူကြတယ်” ဟု ဆိုသည်။
KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက် တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။
KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ ယခုလ ၉ ရက်နေ့က ရွှေလီမြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုချက်အရ ဂျန္နဝါရီ ၁၉ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ နှစ်ဘက် တိုက်ပွဲပေါင်း ရ၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။