သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့မနက်နေပြည်တော်၌ ပါတီမှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ပါတီပြော ခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။
“သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပြည်သူလူထု အကျိုးရှိရာရှိကြောင်း ဆောင်ရွက်ဖို့ ပါတီမှတ်ပုံ ပြန်တင်လိုက်ပါပြီ။ ဒီကနေ့မနက်ပိုင်း ၁၀ နာရီကျော်မှာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး မှာ မှတ်ပုံတင်ဖို့ သွားလျှောက်ထားတာဖြစ်ပါတယ်။ အဲဒီရုံးက ဦးစီးအရာရှိ ဦးမြင့်ဝေက ကျနော်တို့ကို အမှတ်စဉ် ၆၀ နဲ့ လက်ခံထားကြောင်း ပြေစာလေးပေးခဲ့ပါတယ်” ဟု SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်၊ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းရွှေကြူး၊ စိုင်းစောအောင်နှင့် ပါတီ ပြောခွင့်ရ စိုင်းလိတ် တို့ ၄ ဦးက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပါတီမှတ်ပုံ တင်ရန် သွား ရောက်လျှောက်ထားခြင်းဖြစ်သည်။
မှတ်ပုံတင်ခွင့်ပေးမပေးကို ၃ ပတ်မှ ၁ လ အတွင်း ပြန်လည်အကြောင်းကြားမည်ဖြစ်ကြောင်းသာ ပြောကြောင်း စိုင်းလိတ်က ပြောပါသည်။
“လောလောဆယ် ပါတီဝင်အဖြစ်ကတော့ ပါတီဥက္ကဌဟောင်း၊ အထွေထွေအတွင်း ရေးမှူးဟောင်း တို့ပါဝင်မယ်။ အများ အားဖြင့် ခေတ်ပညာတတ်လူငယ်တွေ၊ ဥပဒေရေးရာဖက်ကလူငယ်တွေ ကွန်ပြူတာ နည်းပညာကျွမ်း ကျင် တဲ့လူငယ်တွေ ပါဝင်မယ်။ ၃ ပုံ ၂ ပုံက လူငယ်တွေ လူသစ်တွေက နေရာယူ ထားပါတယ် ” ဟု ဆိုပါသည်။
ပါတီဥက္ကဌ နှင့်အထွေထွေအတွင်းရေးမှူးတို့၏ ကျန်းမာရေးဆေးစစ်ချက်ကို ဦးစားပေးဆောင်ရွက်နေသဖြင့် တကြောင်း၊ ပါတီဝင်အဖြစ်လျှောက်ထားသူလူငယ်များအား စီစစ်နေရသဖြင့်တကြောင်း ပါတီမှတ်ပုံတင်ရန် ကြန့်ကြာသွားရခြင်းဖြစ် ကြောင်းစိုင်းလိတ်ကပြောပါသည်။
ပါတီဝင်လူဦးရေပြည့်မီရန်အတွက် ပါတီမှတ်ပုံတင်ခွင့်ကျပြီးမှသာ စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း၊ ပါတီ အမှတ် တံဆိပ် နှင့် အလံကိုလည်း မူလအတိုင်းဆက်လက်သုံးသွားရန်စီစဉ်ထားကြသော်လည်း အလားတူ ပါတီမှတ်ပုံတင်ခွင့်ကျပြီးမှသာ အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်မည်ဖြစ်ကြောင်းစိုင်းလိတ်က ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၉၀ ရွေးကောက်ပွဲက မဲဆန္ဒနယ် ၂၃ နေရာအနိုင်ရရှိခဲ့၏။ ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေးအားဖွဲ့စည်းပုံ၌ ထည့် သွင်းရေးသားထားခြင်းမရှိသောကြောင့် ၁၉၉၆ တွင် နှုတ်ထွက်ခဲ့သည်။ ၂၀၀၄- ၂၀၀၅ တွင် သျှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေစဉ် အစိုးရဘက်မှ ပြည်ထောင်စုမှခွဲထွက်လိုမှု၊ မတရားအသင်းအပင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများစွာ ဖြင့်စွပ်စွဲကာ ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့် လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင်တို့အား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချမှတ် ခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် ၂၀၁၂ ဇန်နဝါရီ၌ ပြန်လည် လွတ်မြောက်လာ ပြီးနောက် ပါတီမှတ်ပုံတင်ရန် စီစဉ်ခဲ့သည်။