သျှမ်းပြည်အစိုးရ နေပြည်တော်အဖြေသာ စောင့်နေရ

သျှမ်းပြည်အစိုးရ နေပြည်တော်အဖြေသာ စောင့်နေရ
by -
သျှမ်းသံတော်ဆင့်

‘သျှမ်းပြည်အစိုးရဟာ မိမိကိုယ်မိမိ စီရင်ဆုံးဖြတ်နိုင်တာ ဘာမှမရှိသေးဘူး’ ဟု သျှမ်းပြည်နယ် ပထမ အကြိမ် တတိယပုံမှန် လွှတ်တော်အစည်းအဝေး တက်ရောက်သည့် လွှတ်တော် အမတ်များက ပြောပါသည်။

ပြည်နယ်လွှတ်တော်ရုံး
“ကျနော်တို့ သျှမ်းပြည်လွှတ်တော်က ၂၇ ရက်နေ့က စတင်တယ်။ မပြောမဆိုနဲ့ တစ်ရက်နေ့ မွန်းလွဲပိုင်း တုန်းက ရပ်နားလိုက်တယ်။ အမတ်တွေတော့ ပြန်ခွင့်မပြုသေးဘူး။ သုံးကြိမ်သုံးခါကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးကို လေ့လာကြည့်ရင် အများအားဖြင့် နေပြည်တော်က ဆုံးဖြတ်ချက်ကိုဘဲစောင့်ရတယ်။ သျှမ်းပြည်အစိုးရဟာ မိမိကိုယ်မိမိ စီရင်ဆုံးဖြတ်နိုင်တာ ဘာမှမရှိသေးဘူး” - ဟု အမည်မဖေါ်လိုသည့် အမတ်တဦးက ပြောပါသည်။

လွှတ်တော်အတွင်း မေးမြန်းမည့် မေးခွန်းများကို ၁၀ ရက်ထက်မနည်း၊ အဆိုတင်သွင်းမှုများကို ၁၅ ရက် ထက်မနည်း ကြိုတင် တင်ပြထားရမည်ဖြစ်ကြောင်း၊ သျှမ်းပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးမှ တာချီလိတ် - နမ့်ပုံလမ်းတည်ဆောက်ရန် ကုမ္ပဏီငှားပြီးဖြစ်သော်လည်း နေပြည်တော်အစိုးရက ကန့်ကွက်သောကြောင့် ဝန်ကြီးစိုင်းနော်ခမ်း မည်သို့မျှ မတတ်နိုင်ဘဲ စီမံကိန်းရပ်နားလိုက်ရကြောင်း၊ ထို့ကြောင့်  သျှမ်းပြည် အစိုးရ အနေဖြင့် နေပြည်တော် ဆုံးဖြတ်ပေးမှသာ လွှတ်တော်အတွင်း တာဝန်ရှိသူများက အမတ်များ၏ မေးခွန်း၊ အဆိုများကို ဖြေကြားပေးနိုင်ကြောင်း တောင်ကြီးရောက် အမတ်များက ပြောပြပါသည်။

“တခြားတိုင်းပြည်မှာဆို မေးစရာရှိရင် လွှတ်တော်အတွင်း ပွင့်ပွင့်လင်းလင်းမေးတာဘဲ။ ကျနော်တို့ ပြည်နယ် လွှတ်တော်ကတော့ နေပြည်တော်အစိုးရကို ကြောက်နေရလို့ ချက်ခြင်းမေး ချက်ခြင်းဖြေ အခြေအနေမျိုး လုံးဝ မရှိဘူး။ ၂၀၀၈ နဲ့ မကိုက်ညီတဲ့ အဖြေမျိုးဖြစ်သွားမှာစိုးလို့ အခုလိုကြိုတင် တင်ပြထားရတာ ဖြစ်လာ တာ ပေါ့။ လွှတ်တော်တွင်းရောက်မှ သွားတင်ရင် အချိန်ကမမှီ၊ မိမိမြို့ကနေ စာတိုက်နဲ့ပို့မယ်ဆိုရင်လဲ မြန်မာ့စာတိုက်က သိတဲ့အတိုင်း ဘယ် လောက်ကြာမယ်မှန်းမသိ။ အဲဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ပြင်နိုင်မှဘဲ တော်ရာကျ မယ်။ ပြင်နိုင်ဖို့လဲ ဘယ်လောက်စောင့်ရဦးမလဲမသိဘူး” - ဟု USDP အမတ်ဦးကပြောပါ သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အုပ်စု ကျောထောက်နောက်ခံပြုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ USDP က မတရားမှုဖြင့် အနိုင်ယူခဲ့သည်ဟု သုံးသပ်သူများက ပြောဆိုဝေဖန်၏။ ထို့အပြင် လုံးဝ ရွေးကောက်ခြင်းမခံရ ဘဲ စစ်တပ်မှ လာသည့်  တပ်မတော်ကိုယ်စားလှယ်လည်း ၄ ပုံလျှင် တပုံ ဝင်ရောက်နေရာယူသေး၏။ သျှမ်းပြည်နယ်လွှတ်တော်တွင် အမတ် ၁၄၃ ဦးအနက် တပ်မတော်ကိုယ်စားလှယ် ၄၃ ဦး၊ ကြံ့ခိုင်ရေးပါတီ ၅၄ ဦး ပါဝင်ပါသည်။