လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးရေးကို UNFC လက်မခံ

လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးရေးကို UNFC လက်မခံ
by -
သျှမ်းသံတော်ဆင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်သည်ဟုဆိုသော်လည်း အဆိုပါ လွှတ်တော်အတွင်း၌ နိုင်ငံရေး ဆွေးနွေးခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီက ယမန်နေ့ကကျင်းပသော ထုတ်ပြန်ကြေငြာချက်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

UNFC ၏ သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
“UNFC အနေနဲ့ အစိုးရက ကမ်းလှမ်းတဲ့ ၂၀၀၈ အခြေခံဥပဒေအတွင်း ဆွေးနွေးရေးကို လက်မခံပါဘူး။ လွှတ်တော် အတွင်း ဝင်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ ကျနော်တို့လက်မခံပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် UNFC အဖွဲ့ ဝင်ကြားမှာ တူညီတဲ့အခြေခံမူ တူညီတဲ့ရည်မှန်းချက်တူညီတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်” - သတင်းထောက်များအား UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂)  ခွန်ဥက္ကာက ပြောပြသည်။

UNFC ၏ အဓိက ရည်မှန်းချက်မှာ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကြရန်၊ နိုင်ငံရေးစကားဝိုင်းဖြစ်မြောက် လာရန်နှင့် အသိသက်သေအဖြစ် နိုင်ငံတကာမှ ထိုက်သင့်သူများမှ ဆွေးနွေးပွဲကို ဝိုင်းဝန်းကြပ်မတ်ပေး ရန်စသဖြင့်ပါရှိကြောင်း ယမန် နေ့ က ထိုင်းနယ်စပ်တနေရာ၌ကျင်းပသော UNFC သတင်းစာရှင်းလင်းပွဲ၌  နိုင်ဟံသာက ပြောပါသည်။

“နှစ်ဖက်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကကာမှ ဘက်လိုက်မှုကင်းရှင်းတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပြင်  ကျနော်တို့နိုင်ငံ မှာလဲ ကြားလူအဖြစ် စောင့်ကြည့်ပေးဖို့ဆိုရင် ဂုဏ်သရေရှိတဲ့လူတွေ၊ နိုင်ငံရေးမှာ တဖက်က ဩဇာရှိတဲ့သူတွေ၊ ပြည်သူ တွေ ထောက်ခံတဲ့သူတွေပါကို ပါရမယ် ” ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။ 

ပြည်တွင်းစစ် နှစ် ၆၀ ကျော်ပြီဖြစ်လာသဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကျဆင်းကာ တိုင်းပြည်စီးပွားရေးလည်း ကျဆင်းခဲ့ ကြောင်း၊  လူထုလည်း ဆင်းရဲကြပ်တည်းကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လည်း ဆုံးရှုံးနေကြောင်း၊ ပြည်တွင်းစစ်ရပ်တန့်အောင် မလုပ်နိုင်ဘဲ၊  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ တိုင်းပြည်အေး ချမ်းတိုးတက်ဖွံ့ဖြိုးမှုရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြဿနာကို ဦးစွာဖြေရှင်းပြီးမှ နိုင်ငံတကာက စီးပွားရေးရင်းနှီးမြှုပ်နှံသင့်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်ဟုဆို၏။

“နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် တပ်ပိုင်းဆိုင်ရာကတော့ အဆင်ပြေသလို အပေးအယူလုပ်နိုင်သလောက် လုပ်မယ်။ အစိုးရဖက်က ထိုးစစ်ဆင်လာပြီး နေရာယူထားပြီး အကြပ်ကိုင်တာမျိုးမဖြစ်အောင်လဲ သတိထား ရမယ်။ ဒါကိုလဲတောင်း ဆိုထားတယ်။ ကျနော်တို့ဖက်က တပ်တချို့တွေ နေရာရွှေ့ဆိုင်းပေးဖို့လိုလာရင်လဲ လက်ခံပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့အတွက် လုံခြုံရေးအတွက် ကြီးကြီးမားမားမထိခိုက်နိုင်ဘူး ဆိုရင်တော့ လိုက်လျောမယ်” ဟုလည်း ပြောပါ သည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရေးမှာ ပြောင်းလဲသော အသွင်လက္ခဏာပေါ်လာသော်လည်း စိတ်မချ နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်  နဝတ၊ နအဖ အစိုးရမှ အဝတ်အစား ဘဲပြောင်းလဲခြင်းသာဖြစ်ပြီး အခြေခံအတွေးအခေါ် အရ မည်ရွေ့မည်မျှပြောင်းလဲနေသည်ကို စီစစ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာဖိအား၊ လူထုတောင်းဆိုမှုကြောင့် အထိုက် အလျောက် ပြောင်းလဲလာသည့်အပေါ်  အခွင့်ကောင်းယူပြီး ကောင်းမွန် သော ပြောင်းလဲခြင်းဖြစ်အောင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း  နိုင်ဟံသာနှင့် ခွန်ဥက္ကာတို့က တလှည့်စီ ဖြေကြားပြောဆိုခဲ့ကြောင်း သိရပါသည်။