ဂက်စ်ပိုက်လိုင်းအတွက် လျော်ကြေးနည်းပါးသည့်အပြင် အာဏာပိုင်များခေါင်းပုံထပ်ဖြတ်

ဂက်စ်ပိုက်လိုင်းအတွက် လျော်ကြေးနည်းပါးသည့်အပြင် အာဏာပိုင်များခေါင်းပုံထပ်ဖြတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဂက်စ်ပိုက်လိုင်းဖြတ်သန်းမည့် လယ်ယာမြေ ပိုင်ရှင်ဒေသခံများအား တရုတ်ကုမ္မဏီ က ပေးသော လျော်ကြေးထက် အဆမတန်နည်းပါးသော ဈေးနှုန်းဖြင့် မြန်မာအာဏာပိုင်များ ကပေးလျော်ပြီး အဆိုပါ လျော်ကြေးထဲမှ ထပ်မံ ဖြတ်ယူကြကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက် က ဆိုပါသည်။

ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်လယ်မြေပြပုံ (ဓါတ်ပုံ -သျှမ်းသံတော်ဆင့်)
“နမ့်ခမ်းက လယ်သမားတွေကို လျော်ကြေးငွေလက်ခံကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်။ အမှန်က တရုတ်ကုမ္မဏီက လျော်ကြေးငွေ အပြည့်အဝ ပေးလာပေမယ့် မြန်မာအာဏာပိုင်တွေက သူတို့ပေးချင် သလောက်ဘဲပေးတယ်။ သူတို့နဲ့ ဝင် ထွက်ရင်းနှီးတဲ့လူတွေကို နဲနဲပိုပေးပေမယ့် ကျနော်တို့လို မြို့နဲ့ဝေးတဲ့ ကျေးလက်သမားတွေကို ဘယ်မှာမှ အားကိုး စရာ မရှိတော့ ဈေးက အဆမတန်နှိမ်ပြီးပေးတယ်။ အာဏာပိုင် တွေထဲက မြို့နယ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ စွမ်း အင်နဲ့ ထွေအုပ် တို့ဆိုရင် တဧက ၅ သောင်း တောင်းယူတာဘဲ” ဟု ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် ရာဘာ ခြံပိုင်ရှင် တဦးကပြောသည်။

နမ့်ခမ်းမြို့နယ် မန့်ဟောင်းလုံရပ်ကွက်ဥက္ကဌ စိုင်းဆန်ယီ၊ အောင်မေတ္တာရပ်ကွက် ဥက္ကဌ စိုင်းကျော်ခိုင် နှင့်မြေစာရင်းဦးစီး ဌာနမှူး ဦးစိုးမင်းထွန်း၊ စွမ်းအင်ဝန်ကြီးဌာန နမ့်ခမ်းမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် နှင့် အထွေထွေအုပ်ချုပ်ရေးမှူး    တို့မှ လျော်ကြေးငွေများအား ဖြတ်ယူခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့်  ခြံပိုင်ရှင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ ကျနော်တို့ နမ့်ခမ်းမှာဆိုရင် မုံးဝီးက ရော်ဘာခြံပိုင်ရှင်ပေါ့ သူအထိများတယ်။ သူကပြောနေတယ်။   ရာဘာတပင်ကို ကျပ် ၅ သောင်းဘဲလျော်ပေးတယ်။ ဆိုတော့ တဧက သိန်း ၃၀ လောက်ဘဲကျတယ်။  သူ့ ရာဘာပင် ၈၇ ပင်တောင်ပါ သွားတယ်။ သူများထက်စာရင်  အများကြီးနစ်နာတယ်ရှုံးတယ်ပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

မုံးဝီး ဒေသခံများ၏ လယ်တဲ၌ ဂက်စ်ပိုက်လိုင်းဖြတ်သန်းမည့်အမှတ်အသားလုပ်ထားပုံ (ဓါတ်ပုံ -သျှမ်းသံတော်ဆင့်)
ကျောက်မဲမြို့နယ်တွင်မူ လွှတ်တော်အမတ်များပိုင်ဆိုင်သည့် (ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်) ရာဘာခြံ အား တပင်လျင် ကျပ် ၅ သိန်းပေးလျော်ကြောင်း ၊ အလားတူ သရက်ပင်၊ ပိန္နဲပင်များလည်း ရာဘာပင်များ ကဲ့သို့ တန်ဖိုးကြီးပေးလျော် ကြောင်း ဆိုပါသည်။

“ ဆိုတော့ တအားကြီးကွာသွားတာပေါ့နော်။ ကျနော်တို့ဖက်မှာ လယ်တဧက ကျပ်သိန်း ၁၀၀၊ ခြံ တဧက ကျပ်သိန်း ၃၀- ၂၆ - ၂၀ ဆိုပြီး ၃ မျိုး ၃ စားခွဲပေးတယ်။ လယ်တောဆိုရင် ၁၀ သိန်းဘဲရတယ်။ ရွာထဲကို ဖြတ်ရင် နေအိမ်ခြံဝင်းတဧက    ( ၆၀ ပေပတ်လည်) ကို  ကျပ်သိန်း ၄၀ ကနေ ၁၅ သိန်းအထိ အဆင့်ဆင့် အမျိုးအစားခွဲပြီးပေးတယ်”

နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသခံများအား ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ လျော်ကြေးငွေများကျေနပ်စွာလက်ခံရ ရှိကြောင်း လက်မှတ်ထိုးရန် နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ယခုလ ၂၃ ရက် မနက် ၁၀ နာရီက ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

Most read this week