မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်နောက်ပိုင်းမှသာ တခြားမြို့နယ်သို့ စည်းရုံးရေးခရီးဆင်းမည် ဖြစ်ကြောင်း လားရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင် မည့် စိုင်းမြင့်မောင် က ပြောသည်။
“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ရ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။
စိုင်းမြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲကလည်း လားရှိုးမြို့၌ အနိုင်ရခဲ့ဖူးသည်။ ယခုတကြိမ်တွင်လည်း လားရှိုးမြို့ပေါ် က ဒေသခံများအပေါ် မျှော်လင့်ချက်ရနိုင်သော်လည်း ကျေးလက်ဒေသတွင်မူ မျှော်လင့်ချက် သိပ်မရှိကြောင်း စိုင်းမြင့်မောင် ကပြောသည်။
“ကျေးလက်တွေမှာတော့ နိုင်ဖို့မလွယ်ဘူး။ မိုင်းရယ်မြို့နယ်က ဒေသခံတွေပြောချက်အရဆို သကဆဖ (သောင်းကျန်းသူ ဆန့် ကျင်ရေးအဖွဲ့) တွေက ကျေးလက်လူထုကို ဆင့်ခေါ်ပြီး ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ပေးရမယ်။ မထဲ့ပေးရင် ရွာထဲကနေ မောင်းထုတ်မယ် စတာတွေခြိမ်းခြောက်ထားတယ်လို့ကြားတယ်။ ကျနော်တို့ကတော့ သက်သေအထောက်အထား မရှိပါ ဘူး။ တိုင်တန်းဖို့လဲမဖြစ်နိုင်သေးဘူးလေ။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာလဲ တရားမျှတမယ် မမျှတ ဘူးဆိုတာ ဆက်ကြည့် ရဦးမယ်” ဟု ဆို၏။
စိုင်းမြင့်မောင်သည် SSDP Shan State Democratic Party တည်ထောင်စဉ်ပါဝင်ခဲ့ဖူးသော်လည်း ၈၈ အရေးအခင်း နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ပူးပေါင်းခဲ့၏။ မိမိသက်မွေးဝမ်း ကြောင်းတွင် ရှေ့နေလုပ်ငန်း ဖြစ်သည့်အားလျှော်စွာ တရားဥပဒေစိုးမိုးရေးသည် ၎င်း၏ အဓိကရည်ရွယ် ချက်ဖြစ်ကြောင်း၊ လူထုအနေဖြင့်လည်း ဒီမိုက ရေစီအရေးအတွက် အားတက်တရောပါဝင်ဖို့၊ နိုင်ငံရေးပါတီ တချို့က ဒီမိုကရေစီကိုဘမ်းပြတတ်သော ကြောင့် စစ်မှန် သည့် ဒီမိုကရေစီဟုတ်မဟုတ်ကိုလည်း သိရှိဖို့လိုအပ်ကြောင်း ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လစ်လပ်နေသော အမျိုးသားလွှတ်တော်နေရာအတွက် NLD ပါတီမှ စိုင်းမြင့် မောင်၊ SNDP မှ စိုင်းစံမင်း ၊ USDP မှ ဒေါက်တာနန်းကျိန်ဖောင်းတစ် နှင့် ကိုးကန့်ပါတီမှ လော်ရှင်းကွမ်းတို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရပါသည်။