စစ်ဝတ်စုံချွတ် ဗမာခေါင်းဆောင်များကို ယုံကြည်၍ အပစ်ရပ်ရခြင်းမဟုတ်ဘဲ မိမိတို့ခေါင်းဆောင်ကို ယုံကြည်၍ သာ အပစ်ရပ်ရန် သဘောတူခြင်းဖြစ်ကြောင်း RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါသည်။
“ကမ္ဘာက မြန်မာပြည်ကို ငြိမ်းချမ်းစေချင်တယ်။ ပြည်သူတွေလဲ စစ်ဒဏ်ခံရတာ ပင်ပန်းနွမ်းနယ်နေကြပြီ။ အခု အခြေအနေက လက်ဝှေ့သမားလိုဘဲ။ ဗမာဘက်က စင်ပေါ်တက်ဖို့ စိန်ခေါ်နေတော့ ကျနော်တို့လဲ လက်ခံရ တာ ပေါ့။ ဒါပေမဲ့ ဗမာခေါင်းဆောင်တွေကို ယုံကြည်လို့တော့ မဟုတ်ဘူး” ဟု ၅၃ နှစ်ကြာ အမျိုးသားရေး တာဝန်ထမ်း ဆောင်လာခဲ့သည့် RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပိုင်းမိဏ်း က ပြောပါသည်။
ဗမာခေါင်းဆောင်များကို မယုံကြည်နိုင်သည့်အချက်များမှာ - သျှမ်းပြည်၌ စစ်တပ်များတိုးချဲ့လာခြင်း၊ ပြည်သူ့စစ် များ ဆက်လက်ဖွဲ့စည်းနေခြင်း၊ ကျေးလက်တောရွာမှ တပ်မဆုတ်ပေးသည့်အပြင် တခါတရံ မိမိတို့အား တိုက် ခိုက်နေခြင်းတို့ဖြစ်သည်ဟုဆို၏။
“အပစ်ရပ်ရတာလဲ ကျနော်တို့ရဲ့ခေါင်းဆောင်ဟာ တွေ့ကြုံရမဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ် လို့ ယုံကြည်တယ်။ သူ့ရဲ့အရည်အချင်းတွေကိုလဲ ယုံကြည်တယ်။ လက်ဝှေ့သမားလိုဘဲ စင်ပေါ်မတက်ဘဲ တဖက်သူ ကို အနိုင်ယူမယ်ဆိုတာ လုံးဝမဖြစ်နိုင် ဘူး” ဟု ၎င်းက ပြောပါသည်။
တဖက်၌လည်း တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ပေးသော ပုဂ္ဂိုလ်များ ဖြုတ်ထုတ်ရှင်းလင်းခံရလေ့ရှိ သဖြင့် သမ္မတ ဦးသိန်းစိန်အား သတိထားနေထိုင်သွားရန် ၎င်းက သတိပေးပြောကြားပါသည်။
“ဗမာခေါင်းဆောင်တွေ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ပေးတဲ့သူတွေကို ရှင်းပစ်တတ်တယ်။ တိုင်းရင်း သားတွေကို စည်းရုံးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ နောက်ဆုံးမှာ လုပ်ကြံခံရတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန် အနေနဲ့ ပေါ့ပေါ့ ဆဆမနေသင့်ဘူး။”
ကိုမင်တန်(တရုတ်ဖြူ)တို့ကို တိုက်ခိုက်အောင်မြင်ခဲ့သည့် ရဲဘော်သုံးကျိပ်၌ တဦးအပါအဝင်ဖြစ်သော ဗိုလ်ချုပ် ကျော်ဇော၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအား အပစ်ရပ်ရန် စည်းရုံးနိုင်ခဲ့သည့် ဗိုလ်ချုပ်ခင်ညွန့် တို့လည်း စစ်ခေါင်းဆောင်တို့၏ ဖယ်ရှားခြင်းခံခဲ့ရသည်ဟု ဆို၏။
“ဗမာခေါင်းဆောင်တိုင်း ဆိုးတယ်လို့ မပြောပါဘူး။ ကောင်းတဲ့သူတွေလဲရှိပါတယ်။ သူတို့ရဲ့ဝါဒနဲ့စနစ်က မကောင်းတာပါ။ ကျနော်တို့ တိုင်းရင်းသားတွေ အဲဒီမကောင်းတဲ့ဝါဒနဲ့စနစ်ကို ဆန့်ကျင်ရမယ်” ဟု ၎င်းက ဆက်ပြောပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်၌ အပစ်ရပ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။