မူစယ်မြို့ ရွှေဆိုင်ပိုင်ရှင်တဦး သိန်းထောင်ချီတန်ဖိုးရှိ ရတနာများ ဓါးပြတိုက်ခံရ

မူစယ်မြို့ ရွှေဆိုင်ပိုင်ရှင်တဦး သိန်းထောင်ချီတန်ဖိုးရှိ ရတနာများ ဓါးပြတိုက်ခံရ
by -
သျှမ်းသံတော်ဆင့်

ရွှေဆိုင်တန်းမှ အိမ်ပြန်လာသည့် မူစယ်မြို့ခံ ရွှေဆိုင်ပိုင်ရှင်တဦး အမည်မသိလက်နက်ကိုင် နှစ်ယောက်၏ ပစ်ခတ်ဓါပြတိုက်ခံ ရ သဖြင့် စိန်၊ ရွှေ ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော် ပါသွား ကြောင်း ဒေသခံများ ပြောပြ ချက်အရ သိရပါသည်။

“ရွှေဆိုင်နာမယ်က စပယ်တဲ့၊ မနေ့ ည ခြောက်နာရီခွဲလောက်တုန်းက ဓါးမြတိုက်ခံရတာ။ ဆိုင်ကနေ အပြန် အိမ်ရောက်ခါနီး အလစ်ဝင်တိုက်သွားတာ။ ကာလတန်ဖိုး သိန်း နှစ်ထောင်ခန့်ရှိမယ်ပြောတယ်” -

ယမန်နေ့ည ရွှေဆိုင်ပိုင်ရှင် ဒေါ်အေးကွယ်နှင့် သားမက် ဖြစ်သူ စိုင်းယီ့ထွန်း (အသက် ၂၆ နှစ်) ရွှေရောင်း တိုက်တန်းမှ ဆိုင်ပိတ် ပြီးအပြန် ဆိုင်ကယ်သမားနှစ်ဦး နောက်ယောင်ခံ လိုက်လာ ကြောင်း၊ မူစယ်မြို့အမှတ် ၂ ဈေးအနီးရှိ နေအိမ်ပြန်ရောက်စဉ် အဆိုပါ ဆိုင်ကယ်သမားနှစ်ယောက်က အသင့် ရောက်ရှိစောင့်ဆိုင်းနေ ကြောင်း၊ ကားပေါ်မှ ဆင်းဆင်းခြင်း သေနတ်ဖြင့်ပစ်ခတ်ပြီး စိန်ရွှေ ရတနာများ ဓါးပြတိုက်ယူသွားကြောင်း - အမှတ် ၂ ဈေးအနီးနေထိုင်သူ တဦးက ဤကဲ့သို့ပြောပါသည်။

“မူစယ်အမှတ် ၂ စျေးထဲမှာ ရွေဆိုင်ဖွင့်ထားတာပေါ့ ဆိုင်သိမ်းပြီး အိမ်ကိုပြန်လာတာ သားမက်က ကားမောင်းတယ် ယောက်ခမက ဘေးမှာထိုင်တယ် စျေးရပ်ကွက်ထဲက အိမ်ရှေ့ရောက်တော့ မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သေ နတ်နဲ့ပစ်တယ် ကားနောက်ဖုံးမှာပါတဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေတွေယူ ထွက်ပြေး သွားတယ် ” ဟု ဆိုသည် ။

ယမန်နေ့ညပိုင်းက သားမက်ဖြစ်သူအား တရုတ်ပြည် ရွေလီဆေးရုံသို့ သယ်ဆောင်သွားရာ ဆေးရုံ၌ သေဆုံးသွားပြီး ယောက်ခ မဖြစ်သူမှာ မူစယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း မူစယ်ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြော သည် ။

“အမျိုးသားပေါ့နော် သူကခေါင်းကို ထုတ်ချင်းပေါက်သွားတယ် မနေ့က ရွေလီဆေးရုံမှာ ဆုံးသွားတယ် အမေကတော့ ခေါင်းထဲမှ ကျည်ဆံဝင်နေတယ် မူစယ်ဆေးရုံမှာပဲ ဆေးရုံရောက်တဲ့ရဲတွေလာပါတယ်။ ဒီကနေ့အထိတော့ဘာမှ အကူအညီမပေးနိုင်သေးဘူး။ တချို့ ပြောတာတော့ ရွှေငါးပိဿာပါသွားတယ်ပြောတယ်။ ကျနော်သိရတာကတော့ လက်စွပ်၊ လက်ကောက်၊ စိန် နဲ့ အခြားရွှေ ထည်တွေ ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော်တယ်” - ဟု နီးစပ်သူ စိုင်းအိုက်ပန်း က ပြောပါ သည်။

 သူ့ယောက္ခမကတော့ မူစယ် ဆေး ရုံ မှာဘဲ၊ မူစယ်မြို့ ရပ်ကွက်အကြီးအကဲ တဦးက အဆိုပါဓါးမြတိုက်သွားသည့် သေနတ်သမား ၄ ဦးသည် ‘တရုတ် ကိုင်းဖိ’ တရုတ်လူငယ် လမ်းသူရဲဂိုဏ်းဖြစ်ကြောင်း၊ တခြားလက်နက်ကိုင်တပ်ဖွဲ့များ မဖြစ်နိုင်ကြောင်း သုံး သပ်ပြောဆိုပါသည်။

တရုတ် - မြန်မာ နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နယ်စပ် စီးပွားရေးမြို့ဖြစ်သည့် မူစယ်မြို့သည် တီဗွီဂိမ်းလောင်းကစားရုံများ ဖွင့်ထားပြီး လုယက်မှုနှင့် ရာဇဝတ်မှုခင်းများနေ့စဉ် ဖြစ်ပွားနေကြောင်း ဒေသခံများကပြောပါသည်။