သျှမ်းစစ်သားအား အစိုးရတပ်ဖမ်းဆီး - လမ်းပြခိုင်းပြီး စခန်းတက်တိုက်

သျှမ်းစစ်သားအား အစိုးရတပ်ဖမ်းဆီး - လမ်းပြခိုင်းပြီး စခန်းတက်တိုက်
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်အဆင့်ဆွေးနွေးနိုင်ရေး ပြင်ဆင်နေချိန် ဒေသအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်သားတဦးအား ဖမ်းဆီးပြီး စခန်းရှိရာသို့လမ်းပြခိုင်းကာ အစိုးရတပ်ကသွားရောက် တိုက်ခိုက် ခဲ့ကြောင်း ဒေသအတွင်းသတင်းပေးပို့ ချက်အရသိရပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်းတပ်ဖွဲ့)
“ဝိန်းဟောင်မှာ ဝင်ဖမ်းပြီး ကျနော်တို့စခန်းကို လိုက်ပြခိုင်းတယ်။ လိုက်ပြတော့ တိုက်ပွဲဖြစ်တော့တာဘဲ။ အသေအပျောက်တော့မရှိဘူး။ သူတို့ဘက်တော့မသိဘူး” - ဟု ဒေသအတွင်းလှုပ်ရှားသည့် သျှမ်းတပ်မှူး တဦးက ပြောပါသည်။

ဂျန္နဝါရီလ ၁၂ ရက် မွန်းလွဲ ၁၄:၀၀ နာရီခန့် တွင် မိုင်းပြင်းအခြေစိုက် ခမယ ၃၁၄ လက်အောက်ခံ တပ်ခွဲတစ် ခုက စိုင်းယွန်းဆိုသူ သျှမ်းပြည်တပ်မတော်သားတဦးအား သွားရောက်ဖမ်းဆီးကြောင်း၊ မိုင်းပြင်းမြို့ တောင် ဘက် မိုင်းပူးလုံ အုပ်စု၊ ဝမ့်ဝိန်းဟောင်ရွာအတွင်း ရောက်ရှိနေချိန်အဖမ်းခံရခြင်းဖြစ်ကြောင်း- အဆိုပါတပ်မှူး ကပြောပါသည်။

“ကျနော်တို့လူကို ဖမ်းသွားတယ် လမ်းပြခိုင်းပြီး ကျနော်တို့ကို စခန်းကိုတက်တိုက်တယ်။ အသေအပျောက် မရှိဘူး။ ကျနော်တို့ဌာနချုပ်ကနေ သျှမ်းပြည်နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူဆီကို တခါထဲ လှမ်းပြောတယ်။ မနေ့ကဘဲလွှတ်ပေးလိုက်ပြီ။ နှစ်ဘက်အသေအပျောက်မရှိပါဘူး။ နားလည်မှုလွဲတာပါ” - ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

သို့သော် ယခုကဲ့သို့ ခဏခဏနားလည်မှုလွှဲပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ခြေလှမ်းနှေးကွေးသွားစေနိုင်ကြောင်း၊ ထပ်မံမဖြစ်ပွားစေရန်သက်ဆိုင်သည့်ပုဂ္ဂိုလ်များအား နှစ်ဦးနှစ်ဘက် ညွှန် ကြားထားပြီးဖြစ်ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ဆက်၍ပြောပြပါသည်။

ဦးသိန်းစိန် အစိုးရကမ်းလှမ်းမှုကြောင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ခေါ် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောက်စီ RCSS/SSA နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ယနေ့ ဂျန္နဝါရီ ၁၆ ရက်နေ့တောင်ကြီး ၌ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပဏာမအဆင့်အား ဒီဇင်ဘာ ၂ ရက် ၂၀၁၁ က သဘော တူလက်မှတ်ရေးထိုးပြီးခဲ့သည်။