ပြည်ထောင်စုအဆင့် ဆွေးနွေးရန်အတွက် မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး အမှတ်၂ လျှပ်စစ် စွမ်းအားဝန်ကြီး ဌာန ဦးခင်မောင် စိုး၊ ကျိုင်းတုံက စရဖ ဗိုလ်မှူးကြီး ဦးခင်မောင်ဌေး တို့နှင့်သျှမ်းပြည် တပ်မတော်မှ ကိုယ်စား လှယ်တချို့ ယခုလ ၁၇ ရက်က တာချီ လိတ်၌ ရှေ့ပြေးတွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ်ကပြော ဆို သည်။
“ ကျနော်တို့က လာမယ့် ပြည်ထောင်စုအဆင့်မှာဆွေးနွေးမယ့်ဟာတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဆွေးနွေးမှုဖြစ် တယ်။ ပြီးမှ တတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှု ကျင်းပမှာဖြစ်ပါတယ်။ ခုဒုတိယ အဆင့်မှာတော့ နယ်မြေဖွံ့ဖြိုးရေး တည်ဆောက်ဖို့အတွက်ရယ် ၂ ဖက်ဆက်ဆံရေးရုံးများဖွင့် လှစ်ဖို့ အတွက်ရယ် စသဖြင့်ပေါ့ ဆွေးနွေးဖြစ်မှာပါ” ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောဝ် ဆိုင် ကပြောသည်။
တွေ့ဆုံပွဲတွင် သျှမ်းပြည်တပ်မတော်ဖက်မှ ဗိုလ်မှူးကြီးစိုင်းလ နှင့် ဒု-ဗိုလ်မှူးကြီး စိုင်းငင်းတို့ တက်ရောက် ခဲ့ကြောင်းသိရ ၏။
ဒုတိယအဆင့် ဆွေးနွေးပွဲတွင် ၀ ၊ မိုင်းလား တို့ ကလိုထူးဖော တို့ကဲ့သို့သျှမ်းပြည်တပ်မတော်လဲ - ပြည်ထောင်စုက လုံးဝ ခွဲထွက်မည်မဟုတ်- ဆိုတဲ့အချက် လက်မှတ်ထိုးဖို့ မြန်မာကိုယ်စားလှယ်ဖက်က တောင်းဆိုလာပါကမည်သို့ တုန့်ပြန်မည် ဟူသောအမေးနှင့်စပ်လျဉ်း၍ - မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အဆင့်အလိုက် ဆွေးနွေးသွားမည်ဖြစ်ပြီး လွတ်လပ်ရေး သို့မဟုတ် ပြည်ထောင်စု ဟူသည့် ကဏ္ဍအတွက်မူ အစိုးရ၏ စိတ်စေတနာ နှင့် လူထု၏ ဆန္ဒအပေါ် မူတည် ကာလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
“လွတ်လပ်ရေး မယူတော့ဘူးလား။ ပြည်ထောင်စု ကိုဘဲယူတော့မှာလားဆိုတဲ့ကိစ္စ တတိယအဆင့် နိုင်ငံရေးဆွေးနွေး မယ့်အဆင့်မှာထည့် သွင်းဆွေးနွေးသွားမှာပါ။ ဒီကိစ္စ အဖွဲ့အစည်း တခုထဲဆုံးဖြတ်လို့ မရဘူး။ လူထုတရပ်လုံး နဲ့အဖွဲ့ အစည်းအသီးသီးက ဆုံးဖြတ် ပေးမှရမှာဖြစ်ပါတယ်။ လူထုရဲ့ဆုံးဖြတ် ချက်ကိုကျနော်တို့လေးစား အလေးထားပါတယ်။ တကယ်တော့ ခွဲထွက်ရေးပူး ပေါင်းရေး ဆိုတာတွေဟာ အစိုးရရဲ့ စစ်မှန်သော စေတနာထားရှိမှုဆိုတဲ့အချက်မှာ မူတည်ပါတယ်။ ”
ယခု မြန်မာအစိုးရတပ်မတော်နှင့် အပစ်ရပ်ခြင်းမှာလည်းမိမိတဦး၏ဆုံးဖြတ်ချက်တခုတည်း သာ မဟုတ်ဘဲ တပ်မှူးတပ်ကဲ များနှင့် လူထု၏ဆန္ဒကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။
အရေး ၃ ပါးဖြစ်သည့် “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဟူသည့်အချက်များနှင့်စပ်လျဉ်း၍- သျှမ်းပြည်သည် ပြည်ထောင်စုကို စတင်တည်ဆောက်ကတည်းက ပါဝင်ခဲ့သည့်အတွက် ပြဿနာမရှိဟု ဆိုပါသည်။
သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)သည် ကနဦးက ‘ပင်လုံစာချုပ်ပါ အခွင့်အရေးများအားရယူရန် ’ ဟူသောရည်မှန်းချက် ကို သတ်မှတ်ခဲ့ပါသည်။သို့သော်နောက်ပိုင်းတွင် ‘လုံးဝလွတ်လပ်ရေးမူ’ သို့ ပြောင်းလဲခဲ့သည်။မည်သို့ပင်ဖြစ်စေ သျှမ်းပြည်တပ်မတော်တောင်ပိုင်း၏ထုတ်ပြန်ကြေငြာချက်များကို ကြည့်ပါကပင်လုံစာချုပ်ပါအခွင့်အရေးများကိုမရမချင်း လုံးဝလွတ်လပ်ရေးမူကိုစွန့်လွှတ်မည်မဟုတ် ကြောင်း ဖော်ပြချက်ကို တွေ့ရမည်ဖြစ်သည်။
“အပစ်မရပ်လို့မရဘူးလားလို့ မေးလာတဲ့လူထု ရှိပါတယ်။ အပစ်ရပ်တာဟာကျနော်တို့တပ်မတော် ရဲ့ဆုံးဖြတ်ချက်ကြောင့် သာမဟုတ်ပါဘူး။ ကေဒါ တပ်သားတွေ တပ်မှူးတပ်ကဲတွေနဲ့ လူထုရဲ့လိုအင်ဆန္ဒ ကြောင့်၊ သူတို့ဆီက စစ်တမ်းကောက်ယူ ပြီးမှအပစ်ရပ်ဖို့ ကျနော်တို့ဆုံးဖြတ်တာဖြစ်ပါတယ်။ တဖက်ကလဲ ကျနော်တို့ သျှမ်းပြည်တပ်မတော်က အမြဲတမ်းကြေငြာ ထားချက်အတိုင်းအေးချမ်းသော နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းချင်တယ်။ တချိန်ထဲမှာမြန်မာအစိုးရက ငြိမ်းချမ်းရေး အတွက်ကမ်းလှမ်း လာတယ်။ အပစ်ရရပ်ရေးလုပ်မယ်။ နိုင်ငံရေးစကားပြော မယ်လို့ဆိုလာတော့ ကျနော် တို့လဲ အပစ်ရပ်ရေးဆွေးနွေးဖို့သဘောတူလိုက်တာဖြစ်ပါတယ်” ဟုသျှမ်းသံတော်ဆင့်အား ပြောပြသည်။
သျှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် မြောက်ပိုင်း ပူးပေါင်းကြပြီဖြစ်ကြောင်း သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ တွင်ကြေငြာခဲ့ပြီဖြစ်သော်လည်း ယခုငြိမ်းချမ်းရေးဆွေးနွေးမှုတွင်မူ တယောက်တကြိမ် သွားရောက်ဆွေးနွေးနေမှုအပေါ် ဗိုလ်မှူးလောဝ်ဆိုင်က - “ ကျနော်တို့ အချင်းချင်း တိုင်ပင်ပါတယ်။ RCSS ကိုအပစ်ရပ်ရင် SSPP ကိုလဲ ရပ်ဖို့ ဆွေးနွေး ပွဲမှာထဲ့သွင်းဆွေးနွေးခဲ့ပါတယ်။တဖက်ကိုရပ်ပြီးတဖက်ကို တိုက်တာမျိုးမဖြစ်အောင်ပေါ့” ဟုရှင်းပြ၏။
ပြည်ထောင်စုတပ်မတော် တည်ထောင်မည်ဟု သတင်းထွက်နေသောမဟာမိတ်အဖွဲ့ဖြင့်ဖွဲ့စည်းတည် ထောင်သည့် UNFC နှင့်အတူ ဝင်ရောက်ပူးပေါင်းခြင်းမပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာဗိုလ်မှူး လောဝ်ဆိုင်က UNFC ၌ သျှမ်းအနေ ဖြင့် SSPP ပါဝင်ခဲ့ပြီဖြစ်သောကြောင့် RCSS လည်းပါဝင်ရန် မသင့်တော်တော့ဟု ယူဆသောကြောင့် မပါဝင်ခြင်းဖြစ် ကြောင်း၊ သို့သော်စည်းလုံးညီညွတ် ရေးအတွက်ဖြစ်သောကြောင့် UNFC အား ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် ဗိုလ်မှူးက - နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးတောင်းဆိုချက်နှင့်ပတ်သက်၍ တတိယ အဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးသည့်ကဏ္ဍ၌ ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း၊ယခုအဆင့် မှာ ဒုတိယအဆင့်ဖြစ်သော ပြည်ထောင်စု အဆင့်ဆွေးနွေးရန်၊နယ်မြေဖွံ့ဖြိုးရေး အတွက်ဆွေးနွေးရန်သာ ဖြစ်ကြောင်းပြောပြသည်။