၁၁ ကြိမ်မြောက် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကျင်းပ

၁၁ ကြိမ်မြောက် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကျင်းပ
by -
သျှမ်းသံတော်ဆင့်

ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ  ၃ ရက်တာ ပြသမည့် ၁၁ ကြိမ်မြောက် တရုတ် - မြန်မာ နယ်စပ် ကုန်သွယ် ရေး ကုန်စည်ပြပွဲကို တရုတ်ဘက်ခြမ်း ကျယ်ဂေါဝ်မြို့ နိုင်ငံတကာ ကုန်သွယ်ရေး စင်တာ၌ ယနေ့နံနက် တရုတ် စံတော် ချိန် ၉ နာရီခွဲခန့်တွင် စတင်ဖွင့်လှစ် ပြသနေသည်။

trade-show-2

မြန်မာနိုင်ငံဘက်မှ စီးပွားကူးသန်း ပြည်ထောင်စု ဒုတိယဝန်ကြီးဒေါက်တာပွင့်စန်းနှင့် ယူနန်ပြည်နယ် တယ်ဟုန်တိုင်း နိုင်ငံ ရေး အတိုင်ပင်ခံ ဥက္ကဋ္ဌတို့က ယခုကုန်စည်ပြပွဲသို့ ဦးဆောင်တက်ရောက်ကာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ခြင်း ဖြစ် သည်။

နှစ်နိုင်ငံ ပြသသည့် ကုန်စည်ပြခန်းပေါင်း ၂၀၀ ကျော်ခန့် ရှိသည့် အနက် မြန်မာပြခန်း ၅၀ခန့်ပါ၀င်ပြီး အများစု မှာ တရုတ်ဘက်မှ ပြခန်းများဖြစ်သည်။

မြန်မာပြခန်းများတွင် ပဲမျိုးစုံ၊ ရာဘာ၊ စားသောက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများ၊ ပရိဘောဂများ၊ ရေထွက် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ပြသထားပြီး တရုတ်ပြခန်းများတွင် စက်မှုထုတ်ကုန်များ၊ ပရိဘောဂပစ္စည်းများ၊ အဝတ် အထည်များ ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံး အိမ်သုံးပစ္စည်းအမျိုးအမည် များစွာ ခင်းကျင်းပြသထားသည်။

၎င်းအပြင် အဆိုပါ ပြခန်းဝန်းအတွင်း၌ ရွှေလီရောက် မြန်မာကုန်သယ်များ၏  ကျောက်မျက်ရတနာများ အပါအဝင် တရုတ်ဘက်မှ  စက်မှုပစ္စည်းများ၊ လယ်ထွန်စက်များ၊ မြေထိုးစက်များ၊ ဝန်ချီစက်များ၊စားသောက် ကုန်ပစ္စည်းမျိုးစုံများ ခင်းကျင်းပြသထားသည်။
trade-show-1

တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု နှစ်စဉ်တိုးတက်နေရာ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ် ရ လတာကာလ အတွင်း တရုတ် - မြန်မာကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရှိသည့် အနက် ထက်ဝက်ကျော်မှာ နယ်စပ်ကုန် သွယ်မှုမှ ရရှိသည့် ၀င်ငွေဖြစ်ကြောင်း မြန်မာဒုဝန်ကြီးက ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသည်ဟု ၎င်းအခမ်း အနား တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

“မိန့်ခွန်းပြောတဲ့အထဲမှာ တရုတ်ဘက်က ကိန်းဂဏန်းတွေ မပြောသွားဘူး မြန်မာဒုဝန်ကြီးပြောတာက ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကုန်သွယ်မှု ပမာဏ ၂ ဘီလျံရှိတယ် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ် အခု ရ လတာကာလမှာ ဒေါ်လာ ၁.၄ ဘီလျံရှိတယ်လို့ ပြောတယ် ” ဟု သူက ဆိုသည်။

၂၀၀၁ ခုနှစ်မှစ၍ အဆိုပါကုန်စည်ပြပွဲကို တရုတ်နှင့်မြန်မာ နယ်စပ်မြို့များဖြစ်သော ကျယ်ဂေါင် နှင့် မူစယ်မြို့များ တွင်  တလှည့်စီ ကျင်းပလာရာ ယခု ၁၁ ကြိမ်မြောက်ပြပွဲကို တရုတ်ခြမ်း ကျယ်ဂေါဝ်မြို့၌  ကျင်းပခြင်းဖြစ်သည်။