အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ ရောက်ရှိနေစဉ် တိုင်းရင်းသား ဒေသ အတွင်း စစ်မက်ဖြစ်ပွားနေ မှုနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ သမ္မတ ဦးသိန်းစိန်ထံ ပြောဆိုပေးရန် ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့၌ The Best Friend အဖွဲ့က ဦးဆောင်၍စုရုံးတောင်းဆိုခဲ့ ကြသည်။
“ဦးသိန်းစိန် သမ္မတဖြစ်ပြီးနောက် တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာ ပိုများလာတော့ ဒေသခံတွေကို ဖမ်း ဆီးသတ်ဖြတ်တာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ ပိုများလာတယ်။ ကချင်နဲ့သျှမ်းမှာ အခြေအနေ ပိုဆိုးလာ တယ်။ ဟီလာရီ ကလင်တန် မြန်မာပြည်ကို သွားလည်တာ ကျနော်တို့ကို ကိုယ်စားပြုပြောပေးဖို့ အခွင့်ကောင်း ဘဲဆိုပြီး သူမကို စကားပါးချင်တာ ဖြစ်ပါတယ်” ဟု The Best Friend မှ ထမ်းအိုက် က ပြောပါ သည်။
The Best Friend နှင့် We Are Burma မှ ဦးစီး၍ တိုင်းရင်းသားဒေသ၌ လူ့အခွင့်အရေးချိုးဖောက်မှု များ ရပ်တန့်ပြီး အပစ်ရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ယနေ့ နံနက် ၁၀းဝဝ နာရီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့၌ စုရုံးတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးချုပ်နှောင်ခြင်းသည် ဒီမိုကရေစီ အစစ်အမှန်မဟုတ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသား ၁၇၀၀ နီးပါး ကျန်ရှိနေသေးကြောင်း ထမ်းအိုက် က ဆို၏။
အမေရိကန်နှင့် အခြားနိုင်ငံများက မြန်မာပြည်ကို ဒီမိုကရေစီနည်းလမ်းတကျ တိုးတက်လာအောင် သမ္မတ ဦးသိန်းစိန်အား ဖိအားပေးတိုက်တွန်းပေးပါရန်လည်း တောင်းဆိုခဲ့ကြသည်။
စုရုံးတောင်းဆိုသူတချို့ ဆန္ဒထုတ်ဖော်ပြောဆိုပြီးနောက် တိုင်းရင်းသားအဖွဲ့အစည်းများမှထုတ် ဝေသော လူ့အခွင့်အရေး အစီရင်ခံစာများကို အမေရိကန် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ တစ်ဦးထံ ပေးအပ်ခဲ့သည်။
မစ္စစ် ကလင်တန် သည် မြန်မာပြည်သို့ ယမန်နေ့ညနေက ရောက်ရှိပြီး မနက်ဖြန်(၂.၁၂.၂၀၁၁) မွန်းလွဲပိုင်း၌ ပြန်လည်ထွက်ခွာရန် အစီအစဉ်ရှိကြောင်း သိရပါသည်။