သျှမ်းပြည်အစိုးရဝင်ငွေအတွက်ထိုင်းနယ်စပ်တာချီ လိတ်-မယ်ဆိုင် ချစ်ကြည်ရေးချောင်းကူးတံတား၌ သွင်းကုန်အပေါ် အခွန်စတင်ကောက်ခံနေမှုအား ကုန်သည်များ ငြီးငြူနေကြောင်း တောင်ကြီး တာချီ လိတ် ကုန်သည်တဦးကပြောသည်။
“ကျမတို့ကို တာချီလိတ်တံတားမှာ အခွန်ကောက်နေတာ ဌာနဆိုင်ရာ အများကြီးဘဲ။ အများစုကတော့ တရားဝင် မဟုတ် ဘူး။ ဒါပေမယ့် ပေးမှ ကျွေးမှ ဖြတ်သန်းခွင့်ရတာလေ။ ကျမတို့ သျှမ်းပြည်အစိုးရအတွက် ပေးဖို့တော့ ဝန်မလေးဘူး။ ဒါပေမယ့် တရားမဝင်ဘဲပေးရတဲ့ ဒေသခံအဖွဲ့အစည်းကိုတော့ တင်းကျပ်ဖယ်ရှား ပေးဖို့တော့ တောင်းဆိုချင်တာပေါ့” ဟု တောင်ကြီးကုန် သည် ပီနန်းပီးကပြောသည်။
သွင်းကုန်တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို သျှမ်းပြည်အစိုးရဝင်ငွေအဖြစ် အခွန်ကောက်ခံမည်ဖြစ်ကြောင်း မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် ၁ ကယခုလဆန်းပိုင်းက ကြေငြာကာ ကောက်ခံခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါအမှတ် ၁ တံတား၌ ပို့ကုန်ခွန်အပေါ် ကောက်ခံခြင်းမရှိသေးသော်လည်း တံတားအမှတ် ၂ ၌ မူ ပြည်ထောင် စုအစိုးရအတွက် ပို့ကုန်စည်းကြပ်ခွန်ကောက်ခံ ရန်ရှိသည်ဟုလည်းတာချီလိတ်ဒေသခံ အမျိုးသား တဦးကပြောသည်။
“ ပို့ကုန်စည်းကြပ်ခွန် ဘယ်လောက်ကောက်လဲဆိုတာတော့ ကျနော်တို့မသိရသေးဘူး။ သွင်းကုန်ကိုတော့ ၃ ရာခိုင်နှုန်း ကောက်တယ်။ ကိုယ့်ပြည်နယ်ဝင်ငွေအတွက်တော့ ကုန်သည်တွေကမငြိုငြင်ဘူး။သို့ပေမယ့် အဲဒီမှာ အမြဲတမ်းစောင့် ကောက် နေတာက ရဲ၊ လဝက၊ အကောက်ခွန်၊ နတလ၊ စ သုံးလုံးအပါအဝင်ဌာန ပေါင်း စုံဘဲ။ ဆိုတော့အဲဒီအတွက် ပေးရတာနဲ့ ကုန်သည်တွေအတွက် မကိုက်ဘူးပေါ့နော်” ဟုလည်း ဆို၏။
တာချီလိတ်တံတား၌ ကုန်စည်တန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်မပေးသွင်းရပါက ကျိုင်းတုံ၌ ၄ ရာခိုင်နှုန်းပေး သွင်း ရန် သို့မဟုတ် လွယ်လင်၌ ၅ ရာခိုင်နှုန်းပေးသွင်းရန် အခွင့်အရေးပေးထားပြီးတောင်ကြီးရောက် သွားသော ကုန်စည်များ တနေရာမျှအခွန်မပေးသွင်းခဲ့ရပါက သျှမ်းပြည်အစိုးရက သိမ်းယူမည်ဟုစည်းကမ်း ချက်၌ပါရှိ ကြောင်း တာချီလိတ်ရှိ နိုင်ငံရေးပါတီတခု၏ အမတ်တဦးကပြောသည်။
“ လက်ဆွဲအိပ်လေးတွေလောက်တော့မပေးရဘူးပေါ့။ လက်ဆွဲအိပ်ထက်များရင်တော့ ဂိတ်မှာဝင်မပေးချင်ရင် အာဏာပိုင် တွေချထားတဲ့ ဆိုက်ကား၊ ဆွဲလှည်းကိုငှားပြီးတင်ရတယ်။ကိုယ့်အစီအစဉ်နဲ့ကိုယ်သယ်ချင်လို့ မရဘူး” ဟုလည်း ပီနန်းပီး ကပြောသည်။
လာမည့် နိုဝင်ဘာလ တွဲဖက်ချုပ်ကိုင်မှု ၆ လ ပြီးဆုံးပါက သျှမ်းပြည်အစိုးရအနေဖြင့်ကိုယ်ထူကိုယ်ထနည်း ဖြင့် မိမိပြည် နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ရံပုံငွေနှင့်ပါတ်သက်သည့်အကြောင်းအချက်များ၊အခွန် ကောက် ခံမှု စနစ်၊ ပြည်နယ် အစိုးရအား ခွဲဝေပေးမည့်ရာခိုင်နှုန်း (ဥပမာ မူဆယ် ၁၀၅ မိုင်ဂိတ်နှင့်တာချီ လိတ် မယ့်ဆိုင် ဂိတ်မှ အကောက်ခွန်များ) လူထုပိုင်လယ်ယာများအားပိုင်ဆိုင်မှုဂရမ်လုပ်ပေးခြင်းစသည်တို့ကို အကောင်အထည် ဖော်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကျားဖြူပါတီ၏ပြည်သူ့လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဩဂတ်စ်လကစတင်သည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာ လာမည့်နိုဝင်ဘာလ ပထမပတ်အထိ ကူးသွားနိုင် ဖွယ်ရှိ ကြောင်း သျှမ်းအမတ်တဦးကလည်းပြောသည်။