ရာဘ(ခေါ်) စိတ်ကြွရူးသွပ်ဆေးစွဲနေသည့်ဖခင်က သား သမီး ၃ ယောက်ကို ဓါးဖြင့်ခုတ်သတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၉ ရက် နေ့ နံနက် ၃ နာရီခန့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် တာလုံ ကျေးရွာတွင် ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖခင်၏ ဓါးခုတ်ရာကြောင့် အသက် ၈ နှစ်အရွယ် သားဖြစ်သူ စိုင်းအိုက်လိန် သေဆုံးသွားပြီး သမီးဖြစ်သူ အသက် ၁၀ နှစ် အရွယ် လှရှင်နှင့် ၁၃ နှစ် အရွယ် အေဟောင်းတို့နှစ်ဦးမှာ လည်ပင်း ၊ ခေါင်းနှင့် လက်တို့တွင် ဒဏ်ရာ များပြင်းထန် စွာရရှိကာ တရုတ်ရွှေလီမြို့ ဆေးရုံ၌ဆေးကုသမှုခံယူနေရကြောင်း ၎င်းနှင့်ဆွေမျိုးနီး စပ်သူ တစ်ဦးက သျှမ်းသံတော် ဆင့် သို့ ပြောသည်။
“မနက်ပိုင်းဆိုတော့ ကလေးတွေ အိပ်ပျော်နေတုန်းလေ။ သားက အဖေနဲ့အတူအိပ်တာ။ သူ့ကို အရင်ဆုံးခုတ် လိုက် တယ်။ ပွဲချင်းပြီးသေသွားတယ်။ နောက်မှ သမီးတွေအိပ်တဲ့ အခန်းမှာ ပြန်သွားခုတ်တယ်။တစ်ယောက် က လက်ပြတ်သွားတယ်။ တစ်ယောက်က ခေါင်းတွေ လည်ပင်းတွေမှာထိတယ်” ဟု သူက ပြောသည်။
လူသတ်တရားခံမှာ အသက် ၅၀ ဝန်းကျင်အရွယ် စိုင်းအိုက်တေ့ ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ယနေ့ အထိ ရာဘဆေးပြား သုံးစွဲနေသူ ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ကလေး ၃ ဦးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က မိခင်သေဆုံးသွားသဖြင့် ဖခင်အပေါ်သာ မှီခိုနေရကြောင်း ၎င်း ဖခင်အား သားသမီး သတ်ဖြတ်မှုဖြင့် ရဲက ဖမ်းဆီးလိုက်ကြောင်း ဆို၏။
အဆိုပါ တာလုံကျေးရွာမြောက်ဘက်တွင် မုံးပေါ် ပြည်သူ့စစ်အဖွဲ့ စခန်းရှိပြီး တောင်ဘက်တွင် ရဲစခန်းရှိ သော်လည်း ကျေး ရွာအတွင်း မူးယစ်ဆေးစွဲသူအလွန်များပြားနေကြောင်း အဆိုပါ ရွာခံကဤကဲ့သို့ဆက် ပြောသည်။
“အရင်တုန်းက ဒီနယ်တစ်ဝိုက်မှာ တာလုံရွာသားဆိုရင် ဘယ်အာဏာပိုင်ကမှ မစစ်ဆေးဘူး။ လယ်နဲ့တောင် ယာ ပဲလုပ် တာ အကုန်လုံးသိတယ်။ အခု ရဲတို့ ပြည်သူ့စစ်တို့ရောက်လာပြီး နောက်ပိုင်းဆို ရွာထဲမှာမူးယစ် ဆေးဝါး ရောင်းတဲ့ သူရော သုံးစွဲတဲ့သူရော အရမ်းများလာတယ် ” ဟု ဆိုသည်။