ဝ နှင့် မိုင်းလားတပ်ဖွဲ့အား သပ်လျှိုဖြိုခွဲမှု အစိုးရသစ်စတင်

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား သပ်လျှိုဖြိုခွဲမှု အစိုးရသစ်စတင်
by -
သျှမ်းသံတော်ဆင့်

ဝ တပ်ဖွဲ့အား အစိုးရတင်ပြဆွေးနွေးသည့် အချက် ၅ ချက် အနက် နောက်ဆုံးတချက်မှာ ဝ နှင့် မိုင်းလား ဆက်ဆံရေးကို ပျက်ပြယ်အောင်လုပ်နေသည့် သဘော ဖြစ်ကြောင်းမိုင်းလားအရာရှိတဦးကပြော သည်။

“ မိုင်းယု- မိုင်းယောင်းဆိုတာက ၁၉၇၅ ခုနှစ်ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေလေ။ ကျနော်တို့ကို ဘာမှ အကြောင်း မကြားဘဲ ဝ တပ်ဖွဲ့ကို သတ္တု တူးခွင့်ပေးတယ်ဆိုတော့ ကျနော်တို့ ၂ ဖွဲ့ကိုခေါင်းချင်းတိုက်ပေးနေ တာဘဲ” ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စက်တင်ဘာလဆန်း ပထမအကြိမ်ဆွေးနွေးပြီး မကြာခင် အစိုးရကိုယ်စားလှယ်များက ဝ တပ်ဖွဲ့ထံ အချက် ၅ ချက်ဖြင့် လက်ကမ်းဆွေးနွေးစာတစောင် ပေးပို့ခဲ့၏။ အောက်တိုဘာ ၁ ရက် လားရှိုး၌ ဒုတိယအကြိမ်တွေ့ ဆုံစဉ် ထပ်မံဆွေးနွေး ခဲ့ကြရာ နောက်ဆုံးအချက်ဖြစ်သော- မိုင်းယောင်းမြို့နယ်ထဲက သတ္တုတူးဖော်ရေး လုပ်ငန်းအား ဝ တပ်ဖွဲ့အတွက် လုပ်ကိုင်ခွင့်ပေးကြောင်း ဖော်ပြထားချက်နှင့်ပတ်သက်၍ အဆိုပါအရာရှိက ပြော၏။

“သတ္တု တူးဖို့ ဘာလို့ ဒီမိုင်းယု မိုင်းယောင်းကိုမှရွေးပေးရတာလဲ။ ဒါ ကျနော်တို့ ၂ ဖွဲ့ကို တမင်သက်သက် ရန်တိုက်ပေးတဲ့ သဘောဘဲ။ ဒါပေမယ့် မိတ်ဆွေကြီး ဝ တပ်ဖွဲ့တို့က ဒီအကြောင်းကြိုမြင်ထားလို့ အလိမ်မာ နည်းနဲ့ - ‘ ဝ နယ်အတွင်း သတ္တုရှာဖို့ ဘူမိဗေဒပညာရှင်/ဓါတ်သတ္တု ကျွမ်းကျင်သူ ပညာရှင်ကိုဘဲပို့ပေးပါ’ လို့ဘဲ တောင်းလိုက်တာကို ကျေးဇူးတင် ရမှာ။ ကျနော်တို့ ဆီကိုလဲ တွေ့ဆုံ ဆွေးနွေးရေးအတွက် ဘာမှ ထပ်အကြောင်း မကြားလာဘူး။ Divide and Rule  နည်းက ဒီအစိုးရသစ်လဲ သုံးနေတုန်းဘဲလို့ကျနော်တို ့မြင်ပါတယ်” ဟု အဆိုပါ အရာရှိကပြောသည်။

ယခုလ ၁ ရက်နေ့က လားရှိုးမြို့၌တွေ့ဆုံ စဉ် မြန်မာအစိုးရဖက်မှ ဆွေးနွေးသော အချက် ၅ ချက်မှာ “ ၁။ ဝ နယ်ထဲကို အစိုးရဝန်ထမ်း တွေပြန်ပို့မယ်၊ ၂။ ဝ နယ်ထဲကို အရင်ကအတိုင်း ကုလသမဂ္ဂအဖွဲ့အစည်း၊ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တွေ ပြန်လည် ပို့ဆောင်မယ်၊ ၃။ အစိုးရရဲ့ မူးယစ် ဆေး တိုက်ဖျက်ရေး ၁၅ နှစ် စီမံကိန်း မှာ ဝ တပ်ဖွဲ့၊ ပါတီ ကနေ လက်တွဲ ပူးပေါင်းစေလို တယ်၊ ၄။ အစိုးရကတားမြစ်ပိတ် ပင်ခဲ့ဖူးတဲ့ ဝ - တရုတ် အာဏာပိုင် များ ဆက်ဆံရေးကို ပြန်လည်ခွင့်ပြု ပေးတယ်၊ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။  ၅။ မိုင်းယောင်း မြို့နယ် မိုင်းယုသတ္တုတွင်း တူးဖော်ရေးကိုပါ UWSP ကိုပေးတယ်”  စသည်တို့ဖြစ်သည်။

အဆိုပါအချက် ၅ ချက်အပြင် ဝ တပ်ဖွဲ့က “ဝ ပြည်နယ်သားများ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံသား မှတ်ပုံတင်လုပ်ပေးရန် ၊ ယာဉ်လိုင်စင်လုပ်ပေးရန်၊ ဝ တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ပစ်ခတ်တိုက်ခိုက် ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်သွားရန်( ယခင် ၁၉၈၉ အပစ်ရပ်သဘေားတူညီချက်အတိုင်း)၊ လက်ရှိတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ အား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှု စတင်သွားရန်၊ ရှေ့ဆက်တွင်လည်း ဝ ပြည်နယ် သားများအတွက် တလလျင် ဆန်အိတ်ပေါင်း ၂၀၀၀ နှင့် ငွေသား ကျပ် သိန်း ၁၀၀ (ကျပ်ငွေ ၁၀ သန်း) ကို အစိုးရဖက်မှကူညီထောက်ပံ့ပေးသွားရန်၊ ဝတပ်ဖွဲ့ရပ်တည် နိုင် ရေးအတွက်ကျွန်းသစ် ပါမစ် တန်ချိန် ၁၀၀၀၀ နှင့် အခြားသစ်မာ ပါမစ် တန်ချိန် ၁၀၀၀၀ တို့ကို ချပေးရန် ” စသည့်အချက် များကို ထပ်မံ ဖြည့်စွက် တင်ပြခဲ့သေးသည်။ ၂ ဦး ၂ ဖက်သဘောတူညီ သည့်အချက်များကို အသေးစိတ်မသိရသေးသော်လည်း မနက်ဖြန် အောက်တိုဘာ ၈ ရက် စနေနေ့၌ ဝ လူထုနှင့်တပ်ဖွဲ့ကိုယ်စား လှယ်များအား ၎င်းနှင့် ပတ်သက်၍ ရှင်းလင်းချပြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။