နှစ် ၂၀ ကျော်နေထိုင်လာသူများအား တပတ်အတွင်းပြောင်းရွှေ့ရန် မြို့နယ်အင်္ဂျင်နီယာမှူးသစ် ညွှန်ကြား

နှစ် ၂၀ ကျော်နေထိုင်လာသူများအား တပတ်အတွင်းပြောင်းရွှေ့ရန် မြို့နယ်အင်္ဂျင်နီယာမှူးသစ် ညွှန်ကြား
by -
သျှမ်းသံတော်ဆင့်

ဆောက်လုပ်ရေးရုံးပိုင်မြေဟုဆိုကာ မကြာသေး ခင်က ပြောင်းလာသည့် အင်္ဂျင်နီယာ က နှစ်ပေါင်း ၂၀ ကြာ နေထိုင်လာသူ မိသားစု ၅ စုအား တပတ် အတွင်း အပြီးပြောင်းရွှေ့ပေးရန် စာဖြင့်လည်း ကောင်းနှုတ် ဖြင့်လည်းကောင်း ညွှန်ကြားထား သည်ဟုတာချီလိတ် ဒေသခံတဦးကပြောသည်။

“အင်္ဂျင်နီယာမှူး ဦးအောင်သင်း ဒီနှစ်ဆန်းကမှတာချီလိတ်ကိုပြောင်းလာတာ။ လွန်ခဲ့တဲ့ ၃-၄ လ ကလဲ သူက ဒီအင်္ဂျင်နီယာ ရုံးမြောက်ဘက်ခြမ်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနားက အငှားတန်းလျား ကလူတွေကိုလဲ နှင်ထုတ်တယ်။ အကြောင်း ပြချက်ကတော့ ဝန်ထမ်းအိမ်ယာ လုပ်ပေးမလို့တဲ့” ဟု နှင်ထုတ်ခံရသူတဦးက သျှမ်းသံတော်ဆင့်အား ပြန်လည် ပြောပြ သည်။

လွန်ခဲ့သည့် ၄ လခန့်က အင်္ဂျင်နီယာရုံး ပိုင်မြေဟုဆိုကာ ဆောက်လုပ်ရေးရုံးမြောက်ဖက်ခြမ်း တန်း လျား၌ နေထိုင်သူ များအပြင် အင်္ဂျင်နီယာရုံး နှင့်ဆိုင်သည့်နေရာတော်တော်များများတွင်လည်း ၎င်းကနှင်ထုတ်ခဲ့ ဖူးကြောင်း နှင်ထုတ်ခံရ သည့်စာရင်းစစ်ရုံးမှ ဝန်ထမ်းတဦးကလည်း ပြောသည်။

“ သူ မော်လမြိုင်မှာနေတုန်းကလဲ လူတော်တော်များများကိုနေရာပြောင်းရွှေ့ခိုင်းဖူးတယ်တဲ့။အခုပြောင်း ခိုင်း နေတာ လောက်နဲ့တော့ သူဝန်မလေးဘူးတဲ့- သူ့နှုတ်ကထွက်လာတဲ့စကား။ကျနော်တို့က မတရား နှင်ထုတ် နေတယ်လို့ဘဲ ခံစားရတယ်။ကျနော်တို့က ဘာပြဿနာမှမလုပ်ဘူး။ ဆိုင်ခန်းခ တလဘတ် ၁၀၀၀။ မီတာ ဘောက်စ်က ကိုယ့်ဟာကိုယ် တပ်ရတယ်။ ပြောင်းဖို့ အချိန် တလ နှစ်လလောက် ကြိုမပြောထားဘဲနဲ့ အခုလို တပတ်အတွင်း အပြီးပြောင်းခိုင်းတာဟာ မတရားဘူး” ဟု    ၎င်းက ဆက်လက်ပြောပြသည်။

ထိုစဉ်ကတည်းက တန်းလျားအားလုံးအား တပြိုင်နက် အပြီးပြောင်းရွှေ့ခိုင်းမည်ဟု စီစဉ်ထား သော် လည်း ယခုအခန်း ၅ ခန်းတွဲ တနေရာစာ ကျန်နေခဲ့သဖြင့် ယခုလ  ၂၃ ရက်ကစ၍ ပြောင်းရွှေ့ရန် အမိန့်စာ ကျ လာကြောင်း အခန်းငှားနေသူ တဦး ကပြောသည်။

“ ၂၃ ရက်က တခါ စာပို့လာတယ်။ ဒီကြားထဲ ကျနော်တို့ကိုခေါ်ပြီး လဲ ပြောတယ်။ မနေ့က ၂၉ ရက် မှာ နောက်တခါ စာထပ်ရောက်လာတယ်။ ကျနော်တို့ ဒီအကြောင်းကို ကျိုင်းတုံက ပြည်နယ် အင်္ဂျင်နီယာမှူး ကြီးဆီ ကျနော်တို့ သွားတိုင် တယ်။ ပြည်နယ်မှူးကြီးကလည်း ဒီမှာ ဆိုင်ခန်းရှိတယ် လို့တော့ သိတယ်။ သူကဆိုင်ခန်း ငှားမယ့်လူတွေကိုခေါ်မယ်လို့ဘဲ အကြောင်းကြားတာ တဲ့။ အဲ့မှာ ဆိုင်ခန်း တွေကို ပါယ်မယ် ဖျက်မယ်ဆိုတာ မပါဘူး တဲ့။ ဒီကိစ္စအတွက် ပြည်နယ်မှူးကြီးက တတ်နိုင်သလောက် ဖြန်ဖြေပေးမယ် ဆိုဘဲ” ဟု ဆို၏။

တပတ်အတွင်း အပြီးပြောင်းရွှေ့ခြင်းမရှိခဲ့ပါက ပြစ်ဒဏ်ချမှတ်မည်ဟုလည်း အကြောင်းကြားအမိန့်စာ၌ပါရှိ ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အခန်း ၅ ခန်းတွဲတွင်နေထိုင်သူများမှာ စက်ဘီးပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ထမင်းဆိုင်တို့ပါရှိသည်ဟု သိရပါသည်။