အစိုးရဝန်ထမ်းလက်ခံရေး မိုင်းလားတပ်ဖွဲ့ မဆုံးဖြတ်ရသေး

အစိုးရဝန်ထမ်းလက်ခံရေး မိုင်းလားတပ်ဖွဲ့ မဆုံးဖြတ်ရသေး
by -
မွေခေါဝ်

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း အစိုးရဝန်ထမ်းများ ပြန်လည်လက်ခံရေးအတွက် မိုင်းလားတပ်ဖွဲ့မှ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။

Mong-La
“အစိုးရဘက်က အရာရှိတစ်ယောက်ယောက် ကျနော်တို့ နယ်မြေအခြေအနေအရပ်ရပ်ကို လာရောက် လေ့လာဖို့ ဖိတ်ခေါ်ထားပါ တယ်။ ပြီးမှ ဘယ်ဌာနကဝန်ထမ်းကို ပို့လာမယ်၊ ဘယ်နှယောက်ပို့လာ မယ်စသဖြင့် ဆွေးနွေး သွားမှာပါ။ အခု မပို့လာသေးတော့ ဘာမှမဆွေးနွေး မဆုံးဖြတ်ရသေးပါဘူး” ဟု မိုင်းလားအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ရ ရက် NDAA ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံစဥ “နှစ်ဖက် ဆက်ဆံရေး ရုံးများ နဂို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ခြင်း” အပါအဝင် အချက် ၄ ချက်ကို သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ရုံး၊ လယ်ယာစိုက်ပျိုးရေးရုံး၊ စာတိုက်နှင့်ကြေးနန်း ရုံး၊ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းလိုင်း ထိန်း သိမ်းရေးရုံးများ သွားရောက်ဖွင့်လှစ်ထားပြီးဆရာ/ ဆရာမနှင့် ဆရာဝန်များလည်း ပို့ဆောင်ထားသည်ဟု သိရသည်။

“ဝ ဘက်ကတော့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ဝန်ထမ်းတွေ လယ်ယာစိုက်ပျိုးရေး ဝန်ထမ်းတွေကို မခေါ်ဘူး။ ဆရာ/ ဆရာမတွေနဲ့ ဆရာဝန်တွေကိုဘဲ ပြန်ခေါ်ချင်တဲ့ သဘောရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါအရာရှိက ဆက်ပြောသည်။

စစ်အစိုးရနှင့် ဆက်ဆံရေးပြေပြစ်စဉ်က UWSA မှ အစိုးရ၏နတလဝန်ထမ်းအပါအဝင် လယ်ယာစိုက်ပျိုး ရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ဆရာဝန်များ၊ ဆောက်လုပ်ရေးလုပ်သားများ စုစုပေါင်း ၁၀၀အထိ လက်ခံခဲ့သည်ဟု ဆို၏။

နှစ်ဖက်ဆက်ဆံရေး တင်းမာလာသဖြင့် စစ်အစိုးရက ဝ နှင့် မိုင်းလားထိန်းချုပ်နယ်မြေရှိ ၎င်းတို့၏ ဝန်ထမ်း အားလုံးကို ၂၀၁၀ ဧပြီလအတွင်း ပြန်လည်ခေါ်ယူခဲ့သည်။

မိုင်းလားသည် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကို ဆက်သွယ်သည့် အချက်အချာကျအာရှကုန်သွယ်ရေးလမ်း မကြီး ပေါ်တွင် တည်ရှိသည်။