သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းသွယ်တန်းရန် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်များသို့တရုတ်ပြည် နယ်စပ်မှ ပိုက်လုံးများ ထပ်မံသယ်ဆောင်နေ ကြောင်း သိရသည်။
“တရုတ်နယ်စပ်ကနေ သီပေါအထိ BE ၁၂ ဘီး တစ်စီးဆိုရင် သယ်ခ ၁၀ သိန်းရတယ်။ ဒါပေမဲ့အဲဒီပိုက် တွေ ကွဲသွားရင်တော့ တရုတ်ယွမ်ငွေ ရ သောင်း (မြန်မာငွေ ၁၀၅ သိန်းခန့်) ပြန်လျော်ရမယ်။ ဒါကြောင့် ဂရုတစိုက် သတိထားပြီး သယ်နေရတယ်” ဟု နမ့်ခမ်းကားသမားတစ်ဦးက ပြောပါသည်။
သဘာဝဓာတ်ငွေ့နှင့်ရေနံသယ်ဆောင်မည့် ပိုက်လုံးများမှာ အကျယ် ၆ ပေ၊ အရှည် ပေ ၃၀ ရှိပြီး BE ကားဖြင့် ၅ လုံးသာ တင်ဆောင်နိုင်ကြောင်း၊ ထိုပိုက်လုံးများကို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနှင့်နမ့်ခမ်းမြို့နယ် သို့ ပို့ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆို၏။
တဖက်၌လည်း ဂရိန်းကားများ မူဆယ်ဘက်မှ လားရှိုးသို့ ရောက်ရှိလာကြောင်းလားရှိုးဒေသခံတစ်ဦး ကလည်း ဤကဲ့သို့ ပြောပါသည်။
“လားရှိုးကို ဂရိန်းကားကြီး အစီး ၄၀- ၅၀ လောက် ရောက်လာတယ်။ ၂၂ ဘီးကားတစ်စီးဆို ဂရိန်းကား ၂ စီးစီ တင်လာ တယ်။ ပိုက်လိုင်းတွေချမဲ့ဘက်ဆီသွားမယ်လို့ ကြားတယ်”
သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းသွယ်တန်းရန် ဒေသခံများထံမှ လယ်မြေများ သိမ်းဆည်းထားရာ နမ့်ခမ်းမြို့ နယ်တွင် လယ်မြေများအတွက် လျော်ကြေးပေးမည်ဟု မြေစာရင်းဦးစီးဌာနကရပ်ရွာ အုပ်ချုပ်ရေး မှူးများအား ပြောကြောင်း သိရသည်။
ပိုက်လုံးချမည့်မြောင်း
“လျော်ကြေးငွေတွေကို နှစ်သုတ်ခွဲပြီး တဝက်စီပေးမယ်။ ပထမတစ်သုတ်ကို ကုမ္ပဏီက လယ်ရှင် မြေရှင်တွေဆီ တိုက်ရိုက် ပေးမယ်။ နောက်တစ်သုတ်ကိုတော့ မြေစာရင်းဦးစီးဌာနကနေတဆင့် လယ်ရှင် မြေရှင်တွေကို ပေးမယ်လို့ ပြောတယ်။ ဒါကို လယ်ရှင် မြေရှင်တွေက မကျေနပ်ဘူး။ သူတို့ကို တိုက်ရိုက်ပေးစေချင်တယ်ပေါ့” ဟု နမ့်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
လယ်မြေများကို အဆင့် ၃ ဆင့် ပိုင်းခြားသတ်မှတ်ပြီး လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း၊ပထမဆင့် မြေနိမ့် ဒေသရှိ စပါး အထွက်ကောင်းသည့်လယ်ကို တစ်ဧက ၁၃၅ သိန်း ၊ ဒုတိယအဆင့် မြေမကောင်း သီးနှံအထွက် နည်းသည့် လယ်များအား တစ်ဧက သိန်း ၁၀၀၊ တတိယအဆင့် မြေရိုင်းများအတွက် တစ်ဧက ၆၅ သိန်းပေး ဆောင်မည်ဖြစ်ကြောင်း၊ အိမ်ဝန်းခြံများ ကိုလည်း ပထမအဆင့် တစ်ဧက သိန်း ၆၀၊ ဒုတိယအဆင့် တစ်ဧက ၂၅ သိန်း၊ တတိယအဆင့် တစ်ဧက ၁၅ သိန်း ပေးလျော်မည်ဖြစ်ကြောင်း ဆို၏။