သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၏ ၆၈ နှစ်မြောက်မွေးနေ့ပွဲကို အဖွဲ့ချုပ် နှင့် ရန်ကုန်မြို့ ကိုးမိုင်နေအိမ်၌ မိသားစုကကျင်းပ ရာ ခွန်ထွန်းဦး အပါအဝင်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေးသမားများ စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
“၁၁ ရက်မနေ့က သျှမ်းဘုန်းကြီးကျောင်းမှာဆွမ်းကပ်တယ်။ အလှူဒါနလေးတွေ လုပ်ပေးတယ်။ ဒီနေ့မှအခမ်းအနား ကျင်းပတာ။ အစက ဒေါ်စု တက်မယ်လို့ သတင်းရထားတယ်။ ဒါပေမယ့်မလာ ဘူး။ထူးခြား တာ တခု ကတော့ အခမ်းအနား တက်ရောက်တဲ့လူတွေ ဦးခွန်ထွန်းဦး အပါဝင်နိုင်ငံ ရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး ကြတယ် ” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။
ယခုနှစ် စက်တင်ဘာလ ၁၁ ရက်၌ ကျရောက်သော SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၏ ၆၈ နှစ်ပြည့်မွေးနေ့ အား ယမန်နေ့က ကိုးမိုင်သျှမ်းဘုန်းကြီးကျောင်း၌ ဆွမ်းကပ် လှူဒါန်းခဲ့ပြီးယနေ့မှမွေးနေ့အခမ်းအနား ကျင်းပ ခြင်း ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။
“ မနေ့က မိသားစုကဘဲ ဆွမ်းကပ်လှူဒါန်းတာလုပ်ပေးတယ်။ ဒီနေ့ အိမ်မှာ ကျင်းပတဲ့ အခမ်းအနားမှာမှ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေတက်ရောက်တယ်။ မနက် ၉ နာရီခွဲမှာ သျှမ်းအမျိုးသမီး ဝတ်ရုံတော် အသင်းက ဓမ္မစကြာဟောပြီး ခွန်ထွန်းဦး နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ဆုတောင်းတယ်။ နောက်တော့ တက်ရောက်လာတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တွေကလွတ်မြောက်ရေးအတွက်လက်မှတ် ရေး ထိုးကြတယ်။ ဆုတောင်းပေးတဲ့ စကားပြောကြတယ်။ ဇနီးဖြစ်သူ ဒေါ်ဝေဝေလွင်က မွေးနေ့ ကိတ်ခွဲတယ်။ ဧည့်သည်တွေကို ထမင်းကျွေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ အားပေး စကားပြောတယ်” ဟု ဆို၏။
မွေးနေ့ပွဲတက်ရောက်ကြသည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှာ UNLD မှ ဦးထောင်ကိုထမ်း ၊ မွန်အမျိုး သား ဒီမိုကရေ စီအဖွဲ့ချုပ်မှ နိုင်ငွေသိန်း၊ ဒီမိုကရေစီလိုလားသူများအဖွဲ့မှ ဦးခင်မောင်ကြီး၊ ဝါရင့်နိုင်ငံ ရေးသမားကြီးများ အသင်းမှ ဦးအုန်း မောင်၊ သခင်သိန်းဖေ အစရှိပုဂ္ဂိုလ်များအပြင် NLD မှ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဒေါက်တာ ဒေါ်မေ ဝင်းမြင့်၊ ရှေ့နေဦးဉာဏ်ဝင်း နှင့်တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန် တို့လည်း တက်ရောက်ကြောင်းသိရပါ သည်။
“ ခွန်ထွန်းဦးလွှတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုကို မွေးနေ့မှာတင်မဟုတ်ပါဘူး။ ရှေ့ဆက်လဲ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်” ဟုလည်း ဦးစိုင်းလိတ်ကပြောသည်။
ယမန်နေ့က ကျရောက်သော ဦးခွန်ထွန်းဦး၏ ၆၈ နှစ်ပြည့်မွေးနေ့ပွဲအား ရန်ကုန်မြို့၌ ကျင်းပသကဲ့သို့ ထိုင်းနိုင်ငံ ချင်းမိုင် နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရောက် မျိုးချစ်သျှမ်းလူငယ်မောင်မယ်များကလည်းကျင်းပ ပြုလုပ်ကာ အမြန်ဆုံးပြန်လည် လွတ် မြောက်စေရေးဆုတောင်းပေးခဲ့ကြသည်။
၂၀၀၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် သျှမ်းပြည်မျိုး ဆက်သစ်လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀၀၅ မေ သံတွဲထောင်၌ ကွယ်လွန်)၊ စိုင်းညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို နှင့် သျှမ်းပြည်တပ်မတော် (အပစ်ရပ် နာယကဗိုလ်ချုပ် ဆေထဲန့် တို့ အား ပြည်ထောင်စု မှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာ ဖြင့် ထောင်ဒဏ် ရ၉ နှစ်မှ ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချခဲ့သည်။ ထောင်ဒဏ်များကို ယခုနှစ်မေလက သမ္မတဦးသိန်းစိန်က တနှစ်စီလျှော့ပေး ခဲ့သည်။