ဝ တပ်ဖွဲ့ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီဉက္ကဌတို့ ကျိုင်းတုံ၌ တွေ့ဆုံ

ဝ တပ်ဖွဲ့ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီဉက္ကဌတို့ ကျိုင်းတုံ၌ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

ယနေ့ မနက်ပိုင်း၌ ဝ ပြည်သွေးစည်းညီညွတ်ရေး ကော်မတီ ကိုယ်စားလှယ်နှင့် မြန်မာအစိုးရသစ်၏ တိုင်းရင်း သား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးကော်မတီဉက္ကဌ  အဖွဲ့တို့ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့၌တွေ့ဆုံကြကြောင်းသိရှိရပါ သည်။

ဗဟိုရုံးအုပ် လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် (ဓာတ်ပုံ - UWSA)“ကျနော်တို့လူက မနေ့က မိုင်းလားမှာအိပ်တယ်။ ဒီနေ့ ဦးသိန်းဇော် နဲ့ အောင်သောင်းတို့ အဖွဲ့ကို ကျိုင်းတုံ မှာ တွေ့တယ်” - ဟု ဝ အရာရှိကြီးတဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

စက်တင်ဘာ ရ ရက်နေ့ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP ကိုယ်စားလှယ် ဦးပေါက်ယိုလျှံ (ဝ ဥက္ကဌ ပေါက်ယိုချန်၏ ညီအရင်း)၊ ပြည်ပဆက်ရေးဌာနကြီးမှူး ကျောက်ကော်အန်း၊ ဗဟိုရုံးအုပ် လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် တို့က မြန်မာအစိုးရသစ်ကိုယ်စားလှယ် တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး ကော်မတီဉက္ကဌ ဦးသိန်းဇော်၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းအရေးမှူး ဦးအောင်သောင်း တို့ကျိုင်းတုံ ၌ တွေ့ဆုံဆွေးနွေးကြသည်ဟု ဆို၏။

“ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရ ကနေ စာတစောင် ကမ်းလှမ်းလာတယ်လေ။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ ပတ်သက် ပြီး ကျိုင်းတုံမှာ သွားတွေ့ကြတာ။ အသေးစိတ်တော့မသိရသေးဘူး။ ဒီည မိုင်းလားကို လာအိပ် မယ်။ မနက်ဖြန်မှ ကျနော်တို့ကိုယ်စားလှယ်တွေ ပန်ဆန်းကို ပြန်ရောက်မယ်”

ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရသစ်က သျှမ်းပြည်အစိုးရ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ထံ ဩဂတ်စ် ၂၈ ရက်နေ့က စာတစောင်ကမ်းလှမ်းခဲ့ပါသည်။

ကျိုင်းတုံ၌ အစိုးရ ကိုယ်စားလှယ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဝ ပြည်နယ်မြို့တော် ပန်ဆန်း၌ အနယ်နယ် အရပ်ရပ်မှလာသည့် ဝလူထု ထောင်ဂဏန်းက ဝ ရိုးရာကောက်သစ်စားပွဲကျင်းပနေကြောင်း လည်း သိရပါသည်။